သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

အမ်းမြို့ လုံခြုံရေး တိုးမြှင့်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.4k

ချစ်အိလှိုင်
စစ်တွေ၊ ဒီဇင်ဘာ ၁၇/ ၂ဝ၁၉

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ကာ အမ်းမြို့တွင် လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်ပြီး မြို့ဝင်/မြို့ထွက်ဂိတ်များတွင်လည်း တပ်မတော်သားများက စစ်ဆေးနေမှုများရှိနေသည့်အပြင် စစ်ရဟတ်ယာဉ်များ နေ့စဉ်လိုလိုပျံသန်းနေသည်ဟု ဒေသခံများက ပြောသည်။

“လုံခြုံရေးက ပုံမှန်ထက် တိုးမြှင့် ထားတာတွေ့ရပါတယ်။ ရဲတွေမဟုတ်ပါဘူး။ စစ်တပ်ကပါ။ ပြီးတော့  စစ်ရဟတ်ယာဉ်တွေလည်း ပျံပါတယ်။ အရင်နှစ်ရက်ကပါ။ ရဟတ်ယာဉ်တွေက ခဏခဏပျံနေကြတာပါပဲ။ ကျွန်တော်ထင်တာတော့ AA ကိစ္စနဲ့လို့ထင်တယ်။ ဒေသခံတွေကတော့ ကြောက်လန့်စိုးရိမ်နေကြတာပေါ့ဗျာ။ အမ်းဆိုတာက စစ်တပ်က အများဆုံးရှိတဲ့နေရာမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူတွေ ထိခိုက်မှာတော့ မဖြစ်စေချင်ဘူး”ဟု အမ်းမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ကိုမျိုးလွင်က နိရဥ္စရာသတင်းဌာနအား ပြောသည်။

လုံခြုံရေးတိုးမြှင့်သည့်နေမှစ၍ ညအချိန်တွင် မသင်္ကာသူများအား စစ်ဆေးခြင်းများပြုလုပ်နေသဖြင့် သတိထား၍ သွားလာနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“လေယာဉ်တွေက နေ့ရော ညရော ဝဲနေတာပါ။ ဂိတ်တွေမှာ စစ်သားတွေထားထားတယ်။ မအီဘက်ကိုသွားတဲ့ လမ်းတွေမှာပေါ့။ အင်းအားကတော့ အတိကျပြောမရဘူး။ ဒီနေ့ကတော့ တောင်ပေါ်တွေဘက်တက်သွားကြတယ်။ ဒေသခံတွေကတော့ သွားတာလာတာကို သတိထားသွားရတာပေါ့။ အရင်လိုမဟုတ်တော့။ ညဘက် ငါးရှာ ဖားရှာ သမားတွေဆို လုံးဝမသွားရဲတော့ဘူး။ သူတို့ကို စစ်ဆေးတယ်လို့သိရတယ်။ ညကိုးနာရီလောက်ဆို ကင်းတွေချထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက ”လုံခြုံရေး တိုးမြှင့်တယ်လို့တော့ ကြားတယ်။ လုံခြုံရေးက လွန်ခဲ့တဲ့ ခြောက်လလောက်တည်းက တိုးမြှင့်တာတွေလုပ်နေ တာ။ ရဟတ်ယာဉ်တွေပျံတာက မြေပုံတို့လိုနေရာတွေနဲ့ တစ်ခြားနေရာတွေကိုထွက်ရင် အမ်းကနေထွက်ရ တော့ ပျံရတာပါ။ တပ်နဲ့ဆိုင်တဲ့ဟာပါ။ ပြီးတော့ လောလောဆယ် ကျွန်တော်က ခရီးလွန်နေလို့ အတိကျတော့ သိပ်မပြောနိုင်ပါဘူး”ဟု ၄င်းက ပြောသည်။

အမ်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကျော်ငြိမ်းထွန်းအား ဆက်သွယ်ရာ ၄င်းက လုံခြုံရေးတိုးမြှင့်သည်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။

“လုံခြုံရေးတိုးမြင့်ထားတာဟုတ်တယ်။ တပ်ပိုင်းဆိုင်ရာကတော့ တပ်ပိုင်းဆိုင်ရာအလုပ်ကို သူတို့လုပ်တာပေါ့။ ကျွန်တော်တို့တော့ အေးဆေးပါ။ “ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့ညနေပိုင်းကလည်း ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့တွင် မြို့အဝင်အထွက် ဂိတ်များနှင့် လူစည်ကားရာနေရာအချို့တွင် လုံခြုံရေးတိုးမြှင့်ချထားခဲ့သလို လမ်းသွားလမ်းလာများ၊ ကုန်ကားနှင့် ခရီးသည်တင်ကားများကို စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သေးသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းကို လုံခြုံရေးပုံမှန်ဆောင်ရွက်ကြရန် လမ်းညွှန်ထားသည်ဟုလည်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက နိရဥ္စရာကိုပြောဆိုထားသည်။

---------------------------------

Unicode














ဆက်စပ် သတင်းများ