ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကုလားတန်မြစ်အတွင်း တပ်မတော်ရေယာဉ်တန်းဖြတ်သန်းစဉ် ပစ်ခတ်မှုဖြစ်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

ချစ်အိလှိုင်
စစ်တွေ၊ ဒီဇင်ဘာ ၁၈/ ၂ဝ၁၉

ဒီဇင်ဘာ ၁၈ ရက် ယနေ့နံနက် အစောကြီး အချိန်တွင် စစ်တွေဘက်မှ တပ်မတော်ရေယာဉ်တန်း ကျောက်တော်မြို့  ဘက်သို့ ကုလားတန်မြစ်အတိုင်း ခုတ်မောင်းလာစဉ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများ ပြောကြားသည်။

၎င်းပစ်ခတ်မှုသည် မြောက်ဦးမြို့နယ်၊ တောဘွယ်ချောင်းကျေးရွာနှင့် ပုဏ္ဏားကျွန်းမြို့နယ် မင်းဇီးချောင်း ကျေးရွာအကြား ကုလားတန်မြစ်အတွင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်တို့ အသံကြားတာက နံနက်အစောကြီး ညဉ့်တစ်နာရီကျော်လောက်မှာ လက်နက်ကြီး တစ်ချက် နှစ်ချက် ပစ်သံစကြားရတယ်။ အဲဒီနောက် သေနတ်သံတွေ လက်နက်ကြီးပစ်သံတွေ ဆယ်မိနစ်လောက် ဆက်ကြားရပါတယ်။ ကုလားတန်မြစ် အရှေ့ဘက်ကမ်းကနေ သင်္ဘောတွေကို ပစ်တယ်လို့ ကြားရတယ်။ နေဗီကလည်း ပြန်လည် ပစ်ခတ်တယ်” ဟု မင်းဇီးချောင်း ကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနအားပြောသည်။

ကုလားတန်မြစ်၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည့် တောဘွယ်ရွာသား တစ်ဦးက “လက်နက်ကြီး ပစ်သံက သုံးလုံးလောက်ကြားတယ်။ သေနတ်ပစ်သံတွေလည်းကြားတယ်။ မြစ်ထဲကပစ်တဲ့အသံပဲ။ ရွာကိုကျော်ပြီး ရွာအနောက်ဘက်ထိ ကျရောက် ပေါက်ကွဲတာတွေရှိတယ်။ မင်းဇီးချောင်းနဲ့က တောဘွယ်နဲ့က တစ်ဖက်တစ်ကမ်းပါ။ မြစ်ထဲကနေ ဘေးပတ်လည်ကိုပစ်တော့ နှစ်ရွာလုံးဘက်ကို ကျည်ရောက်ပါတယ်။ အထိခိုက်တော့ မရှိပါဘူး။
နေဗီရေယာဉ်တန်းက ပစ်တာလို့တော့ ရွာအစွန်က အိမ်တွေကတွေ့လိုက်တယ်လို့ပြောတယ်”ဟု ၄င်းက ပြောသည်။

တပ်မတော် ရေယာဉ်တန်းတွင် ကမ်းထိုးရေယာဉ်နှစ်စီးအပါအဝင် ရှေ့ပြေး ရေယာဉ် အပါအဝင် ၄ စီးပါရှိပြီး ယနေ့နံနက်ပိုင်း ကျောက်တော်မြို့သို့ ရောက်ရှိသွားပြီဟု သိရသည်။

၄င်းကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ် မေးမြန်းရာ သူအနေဖြင့် ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားသည်ကို သတင်း မရရှိသေးဟုဆိုသည်။

ရက္ခိုင့်တပ်တော်(AA)မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်မေးမြန်းရာတွင်လည်း  ၄င်းကိစ္စ အပေါ် မကြားရသေးဟု ဖြေကြားသည်။

-------------------------------

Unicode:











ဆက်စပ် သတင်းများ