ချစ်အိလှိုင်
စစ်တွေ၊ ဒီဇင်ဘာ ၁၈/ ၂၀၁၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကံကော်မြိုင်ကျေးရွာအနီးတွင် အမည်မသိ လူနှစ်ဦးသေနတ်ပစ်ခံရ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။
၄င်းတို့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီခန့်က ကံ့ကော်မြိုင်ကျေးရွာအနီး ဆိုင်ကယ်ဖြင့်ဖြတ်သွားစဉ် သေနတ်ပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကံ့ကော်မြိုင်ရွာက အမ်းမြို့နယ် ၊ အာရှလမ်းမကြီးရဲ့ဘေးမှာရှိတာပါ။ အဲဒီအာရှလမ်းမှာ တပ်က ကင်းပုန်းဝပ်တာ ရှိပါတယ်။ သူတို့နှစ်ဦးက ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့လူတွေပါ။ အဲဒါကို တပ်က သေနတ်နဲ့ပစ်သတ်လိုက်တယ်လို့ သေသွားတယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
သေဆုံးသွားသူနှစ်ဦးသည် ကဇူးကိုင်ရွာဘက်သို့သွားသည့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် တပ်မတော်စစ်ကြောင်းတစ်ခုကို မိုင်းလာထောင်ပြီးနောက် ထွက်ပြေးသည့်အတွက် သေနတ်ဖြင့် ပစ်ခတ်လိုက်ရခြင်းဖြစ်သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။
“ကဇူးကိုင်းဘက်ကိုသွားတဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတစ်ခုကို ဒီကောင်တွေမိုင်းလာထောင်တယ်။ မိုင်းထောင်ပြီးတာနဲ့ ဆိုင်ကယ်နဲ့ထွက်ပြေးတယ်။ အဲဒီမှာတင် ပစ်ထည့်လိုက်တာ။ အဲဒီမှာ မိုင်းသုံးလေးလုံးတွေ့တယ် ထောင်နေဆဲပဲ။ နို့မို့ဆို ကျွန်တော်တို့ဆီကကောင်တွေ လေးငါးဆယ်ယောက်လောက်တော့ ပေါက်သွားမှာပေါ့။ မိုင်းထောင်နေတာတွေ့လို့ ပစ်လိုက်တာလေ” ဟု အတည်ပြုပြောကြားသည်။
၄င်းကိစ္စနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှုမရှိခဲ့ပါ။
----------------------------
Unicode: