တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြေပုံ ကမ်းထောင်းကြီးမြို့ပေါ်တွင် အမျိုးသမီးတစ်ဦး ကျည်ဆန်ထိမှန်၍ပွဲချင်းပြီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 6.9k

ချစ်အိလှိုင်
စစ်တွေ/ဒီဇင်ဘာ ၁၈/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ကမ်းထောင်းကြီးမြို့တွင် ယနေ့ ညနေ ၅နာရီခွဲခန့်တွင် အမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်၍ ၎င်းနေရာတွင် ပွဲချင်းပြီးသေဆုံးကြောင်း သတင်းရှိသည်။

သေဆုံးသူမှာ ကမ်းထောင်းကြီးမြို့အလယ်ပိုင်းရပ်ကွက်မှ ဒေါ်ခင်မာရီ(၄၈) နှစ်ဖြစ်ပြီး  ၎င်း၏နေအိမ်ရှေ့၌ ဦးခေါင်း ဘယ်ဘက်ခြမ်းနောက်စေ့တွင် သေနတ်ကျည်ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

"ညနေ ငါးနာရီခွဲလောက်မှာ  ကျွန်တော်အဒေါ်က ဆွေမျိုး မင်္ဂလာဆောင်ကနေပြန်လာပြီးလို့ အိမ်ထဲက အဝတ်စား လှဲပြီး ထွက်လာတာပါ။ သေနတ်သံတွေကြားတော့ သူက ကျွန်တော်နဲ့ ဝါးတစ်ပြန်အကွာမှာပါ။ ကျွန်တော် ရှေ့တင် ထိတာပါ။ နောက်စေ့ကိုထိပြီး ဦးနှောက်တွေထွက်ကျသွားပါတယ်။ အခုအလောင်းကို ရေခဲ အခေါင်းထဲ ထည့်ထား ပါတယ်။ လူတွေက အိမ်ထဲကမထွက်ရဲကြသေးလို့ မိသားစုလောက်ဘဲရှိပါတယ်"ဟု မိသားစုဝင် တစ်ဦးက ယနေ့ ညနေက ဆက်သွယ်စဉ် ပြောကြားသည်။

၎င်းပြင်သူက ၎င်းကျည်ဆံမှာ ရွာအနီးတောင်ပေါ်မှ လာကြောင်း၊ မြို့သူမြို့သားများမှ  စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောကြားနေကြကြောင်း ပြောကြားသည်။

အဆိုပါ အမျိုးသမီး ကျည်သင့် သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး ကမ်းထောင်းကြီး မြို့နာရေး ကူညီရေး အသင်း ဥက္ကဋ္ဌ ကိုချယ်ရီအား ဆက်သွယ်ရာ ၎င်းက "ညနေ ၅နာရီခွဲလောက်မှာ အမ်းမြို့နယ်အပိုင် ရထိုးတောင်ဖက်က လက်နက်ကြီးတွေ စက်သေနတ်တွေနဲ့မြို့ထဲကို လှမ်းပစ်တယ်။ အဲဒီမှာ စစ်သားတွေဘဲရှိတယ်။  ရဲစခန်းတွေ ကိုတောင် ထိတယ်လို့ကြားတယ်။ လက်နက်ကြီးကျည်လား သေနတ်ကျည်လားကျွန်တော်တော့မသိဘူး။ နေရာမှာပွဲချင်းပြီးသေတာပါ"ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

သေဆုံးသူ ဒေါ်ခင်မာရီ၏ အလောင်းအား ၄င်း၏နေအိမ်တွင်သာထားရှိရပြီး နာရေးကူညီမှုအသင်းမှ မည်သည့် လုပ်ဆောင်မှုမှ လုပ်ဆောင်ရခြင်းမရှိသေးကြောင်း၊ သေနတ်ပစ်သံများမှာ ညနေ ၆နာရီခန့်မှ ရပ်သွားသော်လည်း ဒေသခံများကြောက်လန့်၍ မြို့ထဲသို့သွားလာရန်ခက်ခဲနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

ကျေးရွာသားများက စစ်တပ်က ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြောဆိုနေကြသဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား သဘောထားရယူလိုသဖြင့်  အကြိမ်ကြိမ်ဆက်သွယ်သော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

----------------------------

Unicode:











ဆက်စပ် သတင်းများ