တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

အသတ်ခံခဲ့ရသည့် ကျောက်မှော်ကျေးရွာ တာဝန်ခံ ဦးကျော်အေးမောင်မှာ AA အဖွဲ့အရာရှိဖြစ်သည်ဟု တပ်မတော်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.4k

စိုးဇံအောင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၉ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာပစ်ခတ်မှုဖြစ်စဉ်နောက်ပိုင်း လည်ပင်းတွင် ပြတ်ရှဒဏ်ရာဖြင့် သေဆုံးခဲ့သူ ကျောက်မှော်ကျေးရွာ တာဝန်ခံ ဦးကျော်အေးမောင်မှာ ရက္ခိုင့်တပ်တော်(AA)မှ အရာရှိတစ်ဦး ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

စိတ္တရကျေးရွာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဦးဥာဏ်သိန်းနှင့် ဦးကျော်အေးမောင်တို့၏ အလောင်းကို ရှာဖွေ စစ်ဆေးရာတွင် ဦးကျော်အေးမောင်၏ အနွေးထည်အင်္ကျ ီအတွင်းမှ AA ကပြုလုပ်သည့် စစ်ရေးပြအခမ်း အနားတစ်ခု၌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ရှေ့ဆောင်ဓါးကိုင်အဖြစ် ပါဝင်သည့် မှတ်တမ်းဓါတ်ပုံအား သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်၏ ဒီဇင်ဘာလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဦးကျော်အေးမောင်သည် ရက္ခိုင့်တပ်တော်(AA)မှ အရာရှိတစ်ဦးဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အသွင်ယူ၍ တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ဆက်ဆံကာ သတင်းများကို AA အဖွဲ့ထံသို့ ပေးပို့နေသူဟု စုံစမ်းစစ်ဆေးချက်အရ သိရကြောင်းလည်း တပ်မတော်ဘက်က ထုတ်ပြန်ထားသည်။

တပ်မတော်၏ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ”အဲဒါကတော့ ဗမာစစ်တပ်က သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ကြိုးစားတာပဲ ဖြစ်တယ်ဗျ။အဲဒီကျောက်မှော် ကျေးရွာအုပ်ချုပ်ရေးမှူးက သူ အဲဒီနေရာမှာ နေပြီးတော့ တောက်လျှောက်နေပြီးတော့ အုပ်ချုပ်ရေးမှူး တာဝန်ယူလာတဲ့လူ။ အဲဒီဥစ္စာကို ရွာသားတွေလည်းသိသလို တခြား ဒေသတွင်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံးလည်း သိတယ်။ အဲဒီကိစ္စကို ဖုံးကွယ်ဖို့ ကြိုးစားတယ်ဆိုတာ ဗမာစစ်တပ်ဟာ နောက်ထပ်လည်း စစ်ရာဇဝတ်မှုတွေကို မှန်မှန်ကန်ကန် စစ်ဆေးဖော်ထုတ်ဖို့ မကြိုးစားဘဲနဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေတယ်ဆိုတာကို ဒါ ခိုင်မာတဲ့အထောက်အထားဖြစ်သွားတာပေါ့”ဟု ပြောသည်။

ဦးကျော်အေးမောင်မှာ ကျေးရွာတာဝန်ခံတစ်ဦးသာဖြစ်သည်ဟုလည်း မင်းပြားမြို့နယ် ပွင့်ထီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေမိုးက နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ သိတာကတော့ အရပ်သားဆိုတာပဲသိပါတယ်။ အေအေနဲ့ ဆက်စပ်မှုရှိမရှိဆိုတာတော့ အတိအကျ မသိဘူး။ စစ်သားဆိုရင် ကျေးရွာတာဝန်ခံ လုပ်နေစရာအကြောင်းမှ မရှိတာ။ သူက ကျေးရွာတာဝန်ခံလေ။ ရွာမှာ အုပ်ချုပ်ရေးမှူးပြီးရင် သူကကျေးရွာတာဝန်ခံ ဖြစ်နေတာ”ဟု ဦးရွှေမိုးက ပြောသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ညက မင်းပြားမြို့နယ်၊ စိတ္တရကျေးရွာအတွင်း တပ်မတော်စစ်ကြောင်းတစ်ခုမှ သေနတ်ပစ်ခတ်ဝင်ရောက်လာသဖြင့် စိတ္တရကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်းနှင့် ကျေးရွာသူ ဒေါ်ဖြူဖြူဝင်းတို့မှာ သေဆုံးခဲ့ပြီး ကျောက်မှော် ကျေးရွာတာဝန်ခံ ဦးကျော်အေးမောင် အပါအဝင် လူ ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ခေါ်ဆောင်သွားပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့နေ့လယ်က လည်ပင်းပြတ်ရှဒဏ်ရာနှင့် လက်တစ်ဖက် ပိုင်းနေသည့် ဦးကျော်အေးမောင်၏ အလောင်းအား သလူချောင်းကျေးရွာအနောက်ဘက် မင်းဖူးတောင်ခြေရင်းတွင် တွေ့ရှိခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်ဘက်က ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ်ပြန်ချက်တွင် စိတ္တကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့်တပ်မတော်စစ်ကြောင်းတစ်ခုကို စိတ္တရရွာထဲရှိ နေအိမ်တစ်လုံးပေါ်မှ လက်နက်များဖြင့်ပစ်ခတ်ရာ ပြန်လည်ခုခံပစ်ခတ်ပြီးနောက် တပ်မတော်သားများက သွားရောက်ရှာဖွေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဥာဏ်သိန်းနှင့် ဦးကျော်အေးမောင်တို့နှစ်ဦး သေဆုံးလျက်ရှိနေသည်ကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး website တွင်ဖော်ပြထားသည့်ပုံ။

=================

Unicode -


နိရဉ်စရာ၊ ဒီဇငျဘာ ၁၉ / ၂ဝ၁၉











ဆက်စပ် သတင်းများ