တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် အလောင်း ၂ လောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကံ့ကော်မြိုင်ကျေးရွာအနီးတွင် အလောင်း ၂ လောင်း တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အလောင်း ၂ လောင်းမှာ အမ်းမြို့နယ် မဲလက်မောင်းကြီးကျေးရွာအုပ်စု၊ ရေငန်းချောင်းကျေးရွာမှ ဦးမောင်ငယ်နှင့် ဒေါ်စန်းရီတို့၏သား မောင်ရဲလင်း (၂၁) နှစ်နှင့် ဦးငချေ ဒေါ်မခင်တို့၏သား မောင်မောင်ထွေး (၂၂) နှစ်တို့ဖြစ်သည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့တွင်ပျောက်ဆုံးသွားခဲ့သည့် ၄င်းတို့နှစ်ဦးကို ကံ့ကော်မြိုင်ကျေးရွာအနီး လမ်းဘေးချုံတစ်ခုတွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးကာ အလောင်းအပေါ်တွင် သစ်ရွက်များဖြင့် ဖုံး၍ မြေကျင်းထဲ၌ မြှုပ်နှံထားသည်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“သူတို့ နှစ်ယောက်က အတူသွားအတူစား။ ငယ်ပေါင်းတွေပါ။ ကျွန်တော့် ညီလေးမှာ အိမ်ထောင်လည်းရှိတယ်။ ကလေးလည်း တစ်ယောက်ရှိပါတယ်။ မဲလက်မောင်းရွာကို ၂ ယောက် စျေးသွားဝယ်ကြတာပါ။ သူတို့သွားလို့ ကံ့ကော်မြိုင်အနီးလောက်ရောက်တာနဲ့ သေနတ်ပစ်သံကြားတယ်။ အဲဒီညက သူတို့ အိမ်ကိုရောက်မလာပါဘူး။ သူတို့မှာ ဖုန်းလည်းမရှိတော့ မဆက်ဖြစ်ဘူး။ သူတို့လည်းပဲ သေနတ်သံကြားလို့ အဲဒီရွာမှာ ညအိပ်နေတာဖြစ်မယ်ဆိုပြီး ထင်တယ်။”ဟု သေဆုံးသူ မောင်မောင်ထွေး၏ အကိုဖြစ်သူ မောင်ကျော်ခင်က နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ မောင်မောင်ထွေး၏ ရင်ဘတ်တွင် သေနတ် ဒဏ်ရာ ၁ ချက်နှင့် မောင်ရဲလင်း၏ ရင်ဘတ်တွင် သေနတ်ဒဏ်ရာ ၂ ချက်တို့ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသည်ဟုလည်း မိသားစုဝင်များက ပြောသည်။

ဒီဇင်ဘာလ ၁၇ ရက်နေ့က တပ်မတော်၏သတင်းထုတ်ပြန်ချက်တစ်ခုတွင် ယင်းနေ့ ညနေ ၄ နာရီခန့်က အမ်းမြို့နယ် ကံ့ကော်မြိုင်ကျေးရွာအနီး အရပ်ဝတ် ဝတ်ဆင်ထားသည့် အေအေအဖွဲ့ဝင် နှစ်ဦးကို လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များက စစ်ဆေးရန်ခေါ်ယူရာ ထွက်ပြေးသဖြင့် ပစ်ခတ်ကာ အသေဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

“ဘယ်သူသတ်တယ် ဘာညာတော့ ကျွန်တော်တို့ မပြောလိုတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က မိုင်းကိုလည်း ဒီနေ့ထိ တစ်ခါမှ မမြင်ဖူးဘူး။ နောက်ပြီး ရခိုင်ပြည်မှာ ကျွန်တော်တို့ဘက်က အရမ်းအေးချမ်းတယ်။ အေအေကိုလည်း မမြင်ဖူးဘူး။ ဒီဘက်မှာ အဲဒါမျိုးရှိလည်း မရှိပါဘူး။”ဟု သေဆုံးသူ မောင်ရဲလင်း၏ ပထွေးဖြစ်သူ ဦးအောင်ငယ်က နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက “သူတို့က အရပ်သားတွေကို မတော်မတရား ပစ်သတ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့က အေအေနဲ့ ဆက်စပ်နေတယ်။ သူတို့ဆီက ဒါရတယ်ဆိုပြီး လုပ်ကြံပြီးတော့ ဖော်ပြတာကလွဲရင် တကယ်မှန်ကန်တဲ့ အမှန်တရား ဖော်ထုတ်တာမျိုး သူတို့ဘက်မှာ တစ်ခါမှ မရှိခဲ့ဘူး။ မတရားပစ်သတ်ပြီးတော့ ဒါက အေအေပါလို့ အမြဲတမ်း စွပ်စွဲနေတယ်။ အပြစ်မဲ့ပြည်သူတွေအပေါ်မှာ နေ့စဉ်ရက်ဆက် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်။”ဟု ပြောသည်။

သေဆုံးသွားသူနှစ်ဦး၏အလောင်းအား တွေ့ရှိခဲ့သည့်နေရာတွင်ပင် မြေမြှုပ်သင်္ဂြိိုလ်ခဲ့သည်ဟုလည်း မိသားစုဝင်များက ပြောသည်။

ဓာတ်ပုံ - မောင်သာစိန်

========================

Unicode -


နိရဉ်စရာ၊ ဒီဇငျဘာ ၂ဝ/ ၂ဝ၁၉











ဆက်စပ် သတင်းများ