တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်မှ တံငါသည်နှစ်ဦး ရိုက်နှက်စစ်ဆေးခံရ၍ ဆေးရုံတင်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 9.9k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၂ဝ / ၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စစ်အောင်ကျေးရွာသား နှစ်ဦးသည် ယမန်နေ့က ရိုက်နှက်စစ်ဆေးခြင်းခံခဲ့ရ၍ ဆေးရုံတင်ထားရသည်ဟု သတင်းရရှိသည်။

ရိုက်နှက်စစ်ဆေးခံခဲ့ရသူများမှာ ကျောက်တော်မြို့နယ် စစ်အောင်ကျေးရွာမှ မောင်ကျော်လှ(၃၆)နှစ်နှင့် ၄င်း၏ ယောက်ဖတော်စပ်သူ သန်းနိုင်(၃၃)နှစ်တို့ဖြစ်သည်။

၄င်းတို့နှစ်ဦးသည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီခန့်က ငါးရှာရန် လိုအပ်သည့်ပစ္စည်းများအား ကျောက်တော်မြို့မှ ဝယ်ယူပြီး ဟွန်ဒါ စက်တပ်လှေဖြင့် ကုလားတန်မြစ်အတိုင်းပြန်လာရာ ကျောက်တော်တောင်ခြေရင်း၌ ရှိနေသည့် တပ်မတော်စစ်ကြောင်းတစ်ခုက သေနတ်ပစ်ဖောက်ခေါ်ယူကာ ထိုသို့ရိုက်နှက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။

“မနေ့က ကျောက်တော်ကို စျေးဝယ်ဖို့လာတယ်။ ပြန်သွားတဲ့အခါ သူတို့ကသေနတ်နဲ့ ပစ်ပြီးခေါ်တယ်။ ခေါ်ပြီးတော့ အဲဒီကိုရောက်သွားတာနဲ့ အင်္ကျီတွေကိုချွတ်ပြီး သတ်တယ် သံလုံးတွေနဲ့။ AA ဘယ်မှာလဲ မေးတယ်လို့ပြောပါတယ်။ မသိဘူး AA ကို။ မသိလို့မရဘူး သိအောင်ပြောရမယ်။ မသိဘူး။ မသိဘူးဆိုရင် သူတို့က တအားကြီးရိုက်တယ်။ မနေ့က ၈ နာရီကျော်လောက်ကနေ ဖမ်းပြီး ရိုက်နေတာ ၃ နာရီခွဲမှ လွှတ်လိုက်တာ အိမ်ကို ၄ ရီကျော်မှ ပြန်ရောက်ပါတယ်” ဟု ရိုက်နှက်ခံရသူ မောင်ကျော်လှ၏ ဇနီး ဒေါ်ကျော့မေက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

၄င်းတို့မိသားစုမှာ ချောင်းတွင် လှေဖြင့် ငါးရှာပြီး စားသောက်နေကြသည့် တံငါသည်မိသားစုများဖြစ်ကြောင်း၊ ကျောက်တော်မှ ငါးရှာရန် ငါးမျှားချိတ်နှင့် ဗူးပင်တွင် ပိုးသတ်ဆေးဖြန်းရန် ဆေးဗူးများဝယ်လာပြီး ဝယ်လာသည့် ပစ္စည်းများအားချပြသော်လည်း ရိုက်နှက်ခံခဲ့ရကြောင်း ဒေါ်ကျော့မေက ဆက်ပြောသည်။

“သံလုံးတွေနဲ့ ရိုက်တာ ဝမ်းဗိုက်တွေမှာ ဒဏ်ရာတွေအများကြီးရသွားပါတယ်။ ရင်ဝတွေကို လက်သီးတွေနဲ့ ထိုးတယ်။ ပါးတွေ မျက်နှာတွေကိုလည်း ရိုက်တယ်။ မျက်နှာတွေမှာလည်း ညိုမဲစွဲနေတယ်။ ရင်ဝတွေ အောင့်တယ်။ ချောင်းမဆိုးနိုင်ဘူးဖြစ်နေတယ်။ အသက်ရှူရင်နာတယ်လို့ပြောပါတယ်။ ” ဟု ၄င်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းတင်ပြရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက “အဲဒါကိုတော့ ကျနော်မသိသေးဘူး။ မေးကြည့်လိုက်ဦးမယ်” ဟု ပြန်လည်ဖြေကြားသွားသည်။

ရိုက်နှက်စစ်ဆေးခံခဲ့ရသည့်အတွက် ၄င်းတို့နှစ်ဦးတွင် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး လက်ရှိတွင် ကျောက်တော်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။

================================

Unicode -











ဆက်စပ် သတင်းများ