တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့နယ်မှ တောင်ယာလုပ်သူများ တော၊ တောင်များသို့မသွားရဲ၍ စားဝတ်နေရေးအခက်ကြုံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.9k

နီမင်းထွန်း
နိရဥ္စရာ၊ ဒီဇင်ဘာ ၂ဝ /၂ဝ၁၉

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ တောင်ယာလုပ်ကိုင်စားသောက်သူများသည် ယခုနောက်ပိုင်း တော၊ တောင်များသို့မသွားရဲဖြစ်နေသည့်အတွက် စားဝတ်နေရေး အခက်အခဲနှင့်ကြုံနေသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အောင်မကျော်ကျေးရွာ၊ ပိုးရွှီပြင်ကျေးရွာ၊ ဆင်သည်ကျေးရွာ၊ အထက်သင်းပုန်းတန်းကျေးရွာနှင့် တော၊ တောင်များကို မှီခို စားသောက်နေရသည့် အခြားကျေးရွာများမှ ဒေသခံများသည် မိုင်းအန္တရာယ်နှင့် အခြားအန္တရာယ်များကို စိုးရိမ်၍ တော၊ တောင်များရှိ ၄င်းတို့၏စိုက်ခင်းများသို့ သွားရောက်လုပ်ကိုင်နိုင်မှုမရှိဖြစ်နေသည်ဟု သိရသည်။

အောင်မြကျော်ကျေးရွာမှ သင်းအုပ်ဆရာ ဦးမောင်စံထွန်းက “ရွာထဲကလူတွေက တောင်ယာလုပ်စားနေကြတာ။ အခု စစ်ပွဲတွေဖြစ်လို့ တော၊ တောင်ထဲကိုလည်း အရင်လိုမသွားရဲကြတော့ဘူး။ စား၊ ဝတ်၊ နေရေးတွေ ဒုက္ခအများကြီးရောက်နေပါတယ်။”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

တော၊ တောင်များတွင် မိုင်းအန္တရာယ်ကို စိုးရိမ်ကြသလို လက်နက်ကိုင်အဖွဲ့များ၏ လမ်းပြအဖြစ်ခေါ်ဆောင်ခြင်းခံရမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်က နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ကျနော်တို့ တောဖျားချောင်းကရွာတွေဟာ တော၊ တောင်တွေမှာစိုက်ပျိုးထားတဲ့ ကွမ်းခင်းတွေ၊ ဒညင်းခင်းတွေ၊ ငရုတ်ကောင်းခင်းတွေကို မှီခိုပြီးတော့ လုပ်ကိုင်စားသောက်နေကြတာ။ မိုင်းအန္တရာယ်နဲ့ လမ်းပြအခေါ်ခံရမှာကိုကြောက်လို့ တော၊ တောင်တွေကို အရင်ကလို မသွားရဲကြတော့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်။”ဟု ကိုအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့်မြို့နယ်များတွင် ပုဏ္ဏားကျွန်းမြို့နယ်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဒေသခံများ၏တောင်ယာစိုက်ခင်းများနှင့် စိုက်ခင်းများ၏အနီးဝန်းကျင်တွင် မြေမြှုပ်မိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များရှိနေတတ်ပြီး မတော်တဆ ပေါက်ကွဲမှုကြောင့် တောင်ယာလုပ်ငန်းလုပ်ကိုင်သည့်အရပ်သားများမှာ အသက်သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများလည်းရှိနေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သော ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ အရပ်သား ၁၆ ဦးရှိပြီး ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။

===================

Unicode -


နိရဉ်စရာ၊ ဒီဇငျဘာ ၂ဝ /၂ဝ၁၉









ဆက်စပ် သတင်းများ