ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

စစ်တွေမှ ဘူးသီးတောင်သို့သွားသည့် အောင်ကျော်မိုးသင်္ဘောအား AA က တားဆီးစစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.5k

သိန်းဇော် (မောင်တော)
စစ်တွေ၊ ဒီဇင်ဘာ ၂ဝ/ ၂ဝ၁၉

ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘူးသီးတောင်သို့သွားသည့် အောင်ကျော်မိုး သင်္ဘောအား ရက္ခိုင့်တပ်တော် (AA)က တားဆီးစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ ဒီဇင်ဘာလ ၂ဝ ရက်နေ့ နံနက်က စစ်တွေမှ ဘူးသီးတောင်ထွက်ခွာသွားသည့် အောင်ကျော်မိုးသင်္ဘောသည် နေ့လယ် ၁ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာအနောက်ဘက်ရှိ မှန်နီပြင်ကျေးရွာအနီး မေယုမြစ်ကမ်းဘေးတစ်နေရာတွင် ရက္ခိုင့်တပ်တော် (AA)က တားဆီးခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် တပ်မှ ရိက္ခာပစ္စည်းများပါလာသည်ဟုသတင်းအရ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ပြိန်းတောကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ကျနော်တို့ကြားတာက တပ်ရိက္ခာတွေပါတယ်လို့ သတင်းကြားလို့ သူတို့စစ်ဆေးကြည့်လို့ တစ်ခုမှမဟုတ်ဘူး။ သူတို့မှာလည်း အထောက်အထားရှိလို့ ပြန်လွှတ်ပေးလိုက်တယ်လို့ ကြားပါတယ်။ သင်္ဘောပေါ်မှာ ဘာတွေပါလဲ ကျနော်တို့လည်း အတိအကျမသိဘူး။ ဆန်ပါတယ်လို့တော့ ပြောပါတယ်။ WFP ဆန်ဆိုလား၊ ဘာဆန်ဆိုလဲ ကျနော်လည်းမပြောတတ်ဘူး။ ကယ်ဆယ်ရေးဆန်လို့ ကြားပါတယ်”ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ပြိန်းတောကျေးရွာသားတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် အောင်ကျော်မိုးသင်္ဘောလိုင်းမှ တာဝန်ရှိသူထံသို့ ယနေ့ ညနေ ၆ နာရီခန့်တွင် နိရဥ္စရာသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တားဆီးစစ်ဆေးခံရခြင်းမှာ ဟုတ်မှန်သည်ဟု အတည်ပြုပြောကြားသည်။

အောင်ကျော်မိုး သင်္ဘောလိုင်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့က အခုလောလောဆယ်တော့ သင်္ဘောတော့ သွားနေပါပြီ။ အခု သင်္ဘော အဲဒီကိုရောက်သွားပြီးမှ နောက်နေ့ကျမှဖြေပေးမယ်။ ညဘက်မှာ ကိုယ့်သင်္ဘောက အဲဒီကိုဝင်မှာဖြစ်လို့ မနက်ဖြန်မှ ဖြေပေးပါမယ်။”ဟု နိရဥ္စရာသို့ ပြောသည်။

အဆိုပါသင်္ဘောအား တားဆီးစစ်ဆေးပြီးနောက် ညနေ ၄ နာရီကျော်တွင် AA အဖွဲ့က ပြန်လည်လွှတ်ပေးခဲ့သည်ဟုလည်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက "စစ်ဆေးမှုတွေတော့ရှိနိုင်တယ်ဗျ။ ကျနော်တို့ဘက်ကနေပြီးတော့ အရင်လည်း ဒါကြေညာချက်ထုတ်ထားတဲ့ဥစ္စာရှိတယ်။ အဲဒီမှာ ဒီရေကြောင်းခရီးသွားလာလို့ရှိရင် ကျနော်တို့ကို ဒါ ကြိုတင်သတင်းပို့ပြီးမှ သွားလာကြဖို့ပေါ့နော်။ ဒါပြည်သူလူထုရဲ့ လုံခြုံရေးအတွက် ထုတ်ပြန်ထားတာဖြစ်တယ်။ ဆိုတော့ စစ်ဆေးမှုတွေကတော့ ကျနော်တို့လိုအပ်ရင် လိုအပ်သလို ရှိနိုင်တာပေါ့။"ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း စစ်တွေမှ ဘူးသီးတောင်သို့ ပြေးဆွဲသွားသည့် ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ် ပြိန်းတောနှင့် ရေမျက်ကျေးရွာကြားတွင် AA အဖွဲ့က သေနတ်ပစ်ဖောက်တားဆီးပြီး အမြန်ရေယာဉ်ပေါ်မှ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် ခရီးသည် ၅၈ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ဖူးသည်။

ဓာတ်ပုံ - အောင်ကျော်မိုးသင်္ဘောတစ်စီးအား စစ်တွေဆိပ်ကမ်းအတွင်းတွေ့ရစဉ်။

=======================

Unicode -












ဆက်စပ် သတင်းများ