သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းကို ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု AA ပြောခွင့်ရသူဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 4.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၆ / ၂ဝ၁၉

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးရဲသိန်းမှာ လက်နက်ကြီးကျည်ကျ သေဆုံးသွားခြင်းဖြစ်ပြီး ကောင်းမွန်းစွာ သင်္ဂြိုလ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြောခွင့်ရသူ ခိုင်သုခက ပြောဆိုသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးရဲသိန်း၏ရုပ်အလောင်းမှာ တစ်စစီဖြစ်သွားပြီး ကြည့်မကောင်း၊ ရှုမကောင်းဖြစ်သွားခဲ့သည်ဟု (AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက နိရဥ္စရာကိုအတည်ပြုပြောသည်။
 
"အဲဒီမှာ သူ့ကို ဆိုးဆိုးဝါးဝါး လက်နက်ကြီးအလုံးလိုက်ကျပြီးတော့ အားလုံး အစိတ်စိတ် အမြွာမြွာဖြစ်သွားတဲ့ အနေအထားဖြစ်တယ်။ ကျနော်တို့ကတော့ သူ့ကို ကျန်ခဲ့တဲ့ ရုပ်ကို ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ရတဲ့အထိ စုဆောင်းပြီးတော့ သင်္ဂြိုဟ်ပေးလိုက်တယ်ပေါ့လေ"ဟု ခိုုင်သုခက ဆိုသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် ၃ နာရီ ၆ မိနစ်တွင် ပွိုင့်-၄၂၈ ကုန်းအား ဘူးသီးတောင်၊ တပ်မဌာနချုပ် အတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့သည့်အတွက် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားသူများမှ သေဆုံး သူနှင့် ဒဏ်ရာရရှိသူအချို့ရှိခဲ့ပြီး သေဆုံးသူထဲတွင် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းသည် ပွဲချင်းပြီးသေဆုံး သွားသည်ဟု AA က ယင်းနေ့ည ၁ဝ နာရီကျော်အချိန်တွင် သတင်းထုတ်ပြန်သည်။

သို့သော်လည်း ဦးရဲသိန်း၏ မိသားစုများက သေဆုံးသွားပြီဟု ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သော်လည်း ယခုသတင်းကို အတည်မပြုနိုင်သေးဟု နိရဥ္စရာကို ပြောသည်။
 
"ကျနော်တို့က အသေအချာသိချင်တာလေ။ အသေးစိတ်သိချင်တာပါ။ ဟုတ်တယ်ဆိုရင် ပုံနဲ့တကွ၊ ပြီးမှ ကျနော်တို့ကလည်း အတည်ပြုယုံလို့ရမယ်။"ဟု ဦးရဲသိန်း၏ညီဖြစ်သူ ဦးအောင်ကိုဆွေက ပြောသည်။
 
ဦးရဲသိန်းအဖမ်းခံရပြီးနောက် နောက်နှစ်ရက်အကြာတွင် ဦးရဲသိန်း၏သေဆုံးနေပြီဖြစ်သည့်ရုပ်အလောင်းအား တွေ့ရှိဟု အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ခဲ့သည့်အတွက် မိသားစုဝင်များက ယခုကဲ့သို့ သေဆုံးသွားသည့် ပုံနှင့်တကွ ထုတ်ပြန်ရန် လိုလားနေကြခြင်းဖြစ်သည်။
 
 ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ မအားသေး၍ နောက်မှပြန်ဆက်ပါဟု တုံ့ပြန်ပြောသည်။

--------------------------------

Unicode:


 
 

 


 
 
 
 

ဆက်စပ် သတင်းများ