Preview

မြေပုံမြို့နယ် စညင်းတိုက်ပွဲ လက်နက်ကြီးသံများဆူဆူညံ၊ ရဟတ်ယာဉ်ဖြင့်ပါတိုက်ခိုက်၊ ကြောက်လန့်၍ ရွာသားများတစ်ယောက်မကျန်ထွက်ပြေးရ

ဒီဇင်ဘာ ၂၆/ ၂၀၁၉ | ကြည့်ရှုသူ :10992
ရခိုင် သတင်း

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၆/၂၀၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေပြီး လက်နက်ကြီးများကို တစ်ညဉ့်တစ်ရက် ပစ်ခတ်နေကာ ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်နေသဖြင့် စညင်းကျေးရွာသားများမှာ ကြောက်လန့်ပြီး တစ်ယောက် မကျန် ကျေးရွာကို စွန့်ခွာထွက်ပြေးသွားကြပြီဟု စညင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“ လက်နက်ကြီးပစ်တာကတော့ တစ်ညဉ့်နဲ့ တစ်ရက်ရှိနေပါပြီ။ ခုလည်း ပစ်နေတုန်းပါဘဲ။ ဒီနေ့ မွန်းလွဲ ၂ နာရီကျော်ကတော့ ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ပါတယ်။ လာပီးပစ်သွားတာ သိပ်မကြာသေးဘူး။ အခုဆို မိနစ် ၄၀ လောက်ဘဲ ရှိပါသေးတယ်” ဟု စညင်းကျေးရွာအုပ်ချုပ်ရေးမှူးက ယနေ့ ညနေ ၃ နာရီ မိနစ် ၂၀ က ပြောသည်။

အခုလက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော နေရာမှာ စညင်းကျေးရွာမှ ၂ မိုင်ကျော်ခန့်အကွာ ဆတ်ရချောင်း ရိုးတန်းနှင့် ချောင်းကောက် ရိုးတန်းတွင် ဖြစ်သည်ဟု ဆိုသည်။

“ မနေ့က မွန်းလွဲ တစ်နာရီက တိုက်ပွဲစ ဖြစ်တာ။ လက်နက်ကြီး ပစ်တာကတော့ တစ်ညဉ့်နဲ့ တစ်ရက်ရှိပြီ။ ဒီနေ့လည်း ပစ်တယ်။ မနေ့က တိုက်ပွဲကတော့ အရမ်းပြင်းထန်ပါတယ်။ တစ်နေ့ကုန်ကြာပါတယ်။ ရဟတ်ယာဉ်တွေနဲ့ လာပစ်ပါတယ်။ ဒီနေ့ကတော့ လက်နက်ကြီးပစ်တယ်။ လေယာဉ်နဲ့ လာပစ်တယ်။ ကျွန်တော်တို့ကတော့ ခန့်မှန်းလို့ မရဘူး” ဟု ဆိုသည်။

သေနတ်သံများကြောင်း တိုက်ပွဲဖြစ်ပွားနေသည်ကိုသာ သိရပြီး မည်သို့ မည်ပုံ ဖြစ်နေသည်ကို မသိရကြောင်း ၎င်းက ပြောကြားသည်။

“ အဓိက ပြောချင်တာက ကျွန်တော်တို့ရွာသားတွေ အလွန်တစ်ရာ အခက်အခဲဖြစ်နေပါတယ်။ စားစရာမရှိ၊ ခြုံစရာ စောင်မရှိ၊ အဲသလို ဖြစ်နေပါတယ်။ ရွာသား ၁၂၀၀ ကျော်ရှိပါတယ်။ စညင်းရွာမှာ အိမ်ခြေက ၂၂၀ ရှိပါတယ်။ အခု ရွာမှာ တစ်ယောက်မှ မရှိတော့ဘူး။ ကမ်းထောင်းကြီး၊ ညောင်ကန်ရွာဘက်ကို ထွက်ပြေးရပါတယ်”ဟု ပြောသည်။

တိုက်ပွဲမှာ ထပ်မံ ဖြစ်ပွားပါက ရွာသားများမှာ တစ်ခြားရွာများတွင် ခိုလှုံနေကြရ၍ ပိုမို အခက်အခဲ ဖြစ်လာနိုင်သည်ဟု ဆိုသည်။

တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်ရက် တစ်ညဉ့်ရှိနေပြီဖြစ်သည်ဟု သိရကြောင်း၊ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ် အစပ် ရန်ကုန်-စစ်တွေကားလမ်းနေရာများ ဖြစ်ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သည်သာမက လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်လည်း ဗုံးကြဲတိုက်ခိုက်သည်ဟု ကြားရကြောင်း၊ တိုက်ပွဲဖြစ်ပွားနေရာမှ မီခိုးများ တစ်လိပ်လိပ် ကောင်းကင်ပေါ်သို့ တက်လာသည်ကို ကြောက်မက်ဖွယ်ရာ မြင်တွေ့ရသည်ဟု ဒေသခံများက ပြောကြောင်း၊  မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

၎င်းတိုက်ပွဲ ဖြစ်ပွားရာ နေရာအနီးရှိ စညင်း၊ ဟင်းခရော်၊ အင်းကြမ်း၊ လီသွန်နှင့် ဆတ်ရစသည့် ကျေးရွာများမှ ရွာသားများမှာလည်း အားလုံးထွက်ပြေးသွားကြပြီ သိ၇ကြောင်း ပြောကြားသွားသည်။

----------------------------------

Unicode:



နိရဉ်စရာ၊ ဒီဇငျဘာ ၂၆/၂၀၁၉










#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.