ချစ်အိလှိုင်
စစ်တွေ/ဒီဇင်ဘာ ၂၉/ ၂၀၁၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်ကျေးရွာအပါအဝင် ကျေးရွာ ၆ ခုမှ ရွာသား ၃၀၀ ခန့်သည် ဒီဇင်ဘာ ၂၈ရက်က တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားသည့်အပြင် လက်နက်ကြီးကျည်များပါ ရွာအနီးကျရောက်ပေါက်ကွဲသဖြင့် ကျေးရွာများကို စွန့်ခွာပြီး စစ်တွေမြို့သို့ ထွက်ပြေးလာကြသည်ဟု သတင်းရရှိသည်။
ထွက်ပြေးလာကြသည့် ဒေသခံများမှာ ရသေ့တောင်မြို့နယ် အနောက်တောင်ပိုင်း၊ မယူကမ်းရှိ အငူမော်ကျေးရွာ၊ တန်းအေး၊ မကျည်းချောင်း၊ ကုန်တန်း၊ သာစည်ကုန်း၊ ပေါက်တောပြင် ကျေးရွာများမှဖြစ်ပြီး စစ်တွေမြို့၊ ဓည၀တီ ရပ်ကွက်၊ ဓမ္မရာမဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိခိုလှုံ နေကြသည်ဟုဆိုသည်။
အငူမော်ကျေးရွာမှ ထွက်ပြေးလာသူ ဒေါ်သောင်းမေက " မနက် ၈နာရီခွဲလောက်က လက်နက်ကြီးတွေ ပစ်သံ ကြားတယ်။ ဘယ်သူ ပစ်တယ်ဆိုတာမသိဘူး။ ရွာဘက်ကိုလက်နက်ကြီး လေးလုံးကျတယ်။ အိမ်ဘေးနားက ချောင်းစပ်ကို တလုံးကျတယ်။ ကြောက်ပြီး ပြေးလာကြတာ ဘာကိုမှ ယူချိန်မရခဲ့ကြဘူး" ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
တိုက်ပွဲမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၈နာရီခွဲ့ခန့်တွင် တစ်ကြိမ်၊ နေ့လယ်ပိုင်းတွင် တစ်ကြိမ် (၂) ကြိမ်တိတိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာသည် အငူမော်ကျေးရွာနှင့် တစ်မိုင်ခန့် အကွာတွင် ဖြစ်သည်ဟု ဆိုသည်။
ပထမတစ်ကြိမ်မှာ မောင်တောဘက်မှ လာသော နယ်ခြားစောင့်ရဲကားတန်းအား ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့လယ်ပိုင်း တစ်ကြိမ်မှာ စစ်ကူလာသော စစ်ကြောင်းနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ အရပ်လူကြီး တစ်ဦးက ပြောသည်။
ယင်းနောက်ပိုင်း စစ်တွေ ကြွီတဲတပ်ရင်းများဘက်မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့ကြောင်း၊ သို့သော်လည်း အရပ်သားများကို ထိခိုက်မှု တစ်စုံတစ်ရာ မရှိကြောင်း ၎င်းက ဆိုသည်။
" ကျွန်တော်တို့ရွာဘေးက မယူမြစ်ကမ်းစပ်ထိ လက်နက်ကြီး ကျည်ကျပါတယ်။ ရွာဘက်ကိုကျလာပြီဆိုတော့ မပြေးလို့ မရတော့ဘူးလေ။ စိုးရိမ်ရတယ်လေ။ ဘယ်ဖက်က ပစ်တယ်ဆိုတာတော့ မသိပါဘူး။ လက်နက်သံတွေက အရမ်းကြောက်စရာကောင်းပါတယ်” ဟု အငူမော်ကျေးရွာ မှ ဦးမောင်သိန်းက ပြောသည်။
စစ်တွေမြို့၊ ဓည၀တီရပ်ကွက်၊ ဓမ္မာရာမ ဘုန်းကြီးကျောင်းတွင် ယခင်ကပင် အငူမော်ဘက်က တိုက်ပွဲ ဖြစ်ပွား၍ ထွက်ပြေးလာသူ ၁၀၀ ခန့်ရှိနေပြီး ယခု ထပ်မံ ရောက်ရှိလာသူများနှင့်ဆိုလျှင် လူပေါင်း ၄၀၀ နီးပါးရှိနေပြီ ဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကမိန့်ကြားသည်။
"ဆန်ကတော့ ဦးဇင်းမှာရှိတဲ့ ဆန်နဲ့ အမ်ဂျီအိုတွေ၊ လူကယ်ပြန်တွေက လာလှူထားတာတွေရှိတယ်။ လောလောဆယ် စားဖို့ ဆန်တစ်ခုတည်းနဲ့ အဆင်ပြေတာမဟုတ်တော့ ထင်းကအစလိုတယ်။ ခြင်ထောင်တွေ စောင်တွေ အဝတ်အစားတွေလည်း လုံလောက်မှုမရှိဘူး။ ဆောင်းတွင်းဆိုတော့ စောင်တွေ၊ အခင်းတွေ အပူတစ်ပြင်း လိုအပ်နေပါတယ်"ဟု မိန့်ကြားသည်။
အငူမော်ကျေးရွာ မှ ဦးမောင်သိန်းက “ ကျွန်တော်တို့က ပြည်သူတွေဆိုတော့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ နှစ်ဖက် လက်နက်ကိုင်တွေကို ပြောချင်တာက အမြန်ဆုံး ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် လုပ်ပေးကြပါ။ ပြည်သူတွေနစ်နာနေပါပြီလို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု ပြောဆိုသည်။
ယခုတိုက်ပွဲ ဖြစ်ပွားရာ အငူမော် ကုန်တန်းကျေးရွာအနီး နိုဝင်ဘာ ၃၀ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်ကလည်း အငူမော် (ကုန်တန်း) ကျေးရွာနေ ဦးဝင်းမောင်ချေနှင့် ဒေါ်မတင်မြတို့၏သား မောင်ကျော်သက်ဦး (၁၄) နှစ်သည် နွားကျောင်းသွားရင်း မိုင်းပေါက်ကွဲသေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ တစ်နှစ်ခန့် ရှိနေပြီ ဖြစ်ပြီး စစ်ဘေး ဒုက္ခသည် ဦးရေမှာလည်း တစ်သိန်းကျော်နီးပါးရှိနေသည်ဟု သိ၇သည်။
-----------------------------------
Unicode:
တိုကျပှဲဖွဈပှား၍ အငူမျောဒသေ ကြေးရှာခွောကျရှာမှ ရှာသား ၃၀၀ ခနျ့စဈတှမွေို့ပျေါသို့ ထှကျပွေးခိုလှုံလာ