ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် လစာထုတ်၍ ပြန်လာသည့် နယ်ခြားစောင့် ရဲ ၂ ဦးဖမ်းဆီးခေါ်ဆောင်ခံရဟု သတင်းထွက်ပေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.4k

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ စေတီပြင်နယ်ခြားစောင့်စခန်း သို့ လစာထုတ်ရန် သွားသည့် သဇင်မြိုင် နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲဝန်ထမ်း ၂ ဦးသည် ရက္ခိုင့်တပ်တော် (AA) အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသည်။

ယနေ့ နံနက်ပိုင်းက သဇင်မြိုင်ကျေးရွာ ရဲစခန်းမှ ရဲဝန်ထမ်း ၄ ဦးသည် စေတီပြင်ကျေးရွာ နယ်ခြားစခန်းမှ လစာထုတ်ပြီး ဆိုင်ကယ်ဖြင့်အပြန်တွင် သဇင်မြိုင်ကျေးရွာနှင့် ၄ ဖာလုံ ခန့်ဝေးသည့် တောင်ပေါက်အနီးတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနက် ၆ နာရီကျော်လောက်မှာ  သဇင်မြိုင်ရဲစခန်းကနေပြီးတော့ ဆိုင်ကယ် ၂ စီးနဲ့ ရဲသား ၄ ယောက် ထွက်သွားတယ်။ လခထုတ်ဖို့ စေတီပြင်ကို။ အဲဒါအပြန်မှာ ဖြစ်တယ်လို့သိရတယ်။ အပြန်မှာဆိုတော့ ငါတို့နေတဲ့ ရွာနဲ့တော့ အကွာအဝေး ၃ ဖာလုံ ၄ ဖာလုံလောက်ရှိမယ်ထင်တယ်။ တောင်ပေါက်နားမှာ ဖြစ်ကြတယ်လို့ ကြားပါတယ်။ ဖြစ်နေတဲ့အချိန်လည်း ကျနော်တို့ကမကြားလိုက်။ အနီးအနားပတ်ဝန်းကျင်ရွာတွေက မေးပြီးမှ အတိအကျသိတာပါ ” ဟု သဇင်မြိုင်ကျေးရွာသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

လစာထုတ်ပြီးအပြန်လမ်းတွင် အေအေ အဖွဲ့နှင့်ထိတွေ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၅ မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၂ ဦးဖမ်းဆီးခံရကာ ကျန် ၂ ဦးမှာ ထွက်ပြေး လွတ်မြောက် သွားသည်ဟု ကြားသိရကြောင်း သဇင်မြိုင်ကျေးရွာသားတစ်ဦးက ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချိုအား နိရဥ္စရာသတင်းဌာနမှ ယနေ့ နေ့လယ် ၁ နာရီခန့်က ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းအနေဖြင့်ထိုသတင်းအား မကြားမိသေးကြောင်း ပြန်လည်ဖြေကြားသည်။

တပ်ဘက်က အတည်ပြုချက်ရယူနိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးအား ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးသဖြင့် တပ်ဘက်က အတည်ပြုချက်ကို ရယူနိုင်ခြင်း မရှိသေးပါ။

ဆက်လက်ပြီး ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ဒေသခံကျေးရွာသားများ၏ ပြောဆိုချက်အရ ထိုသတင်းအား ကြားသိရပြီဖြစ်ကြောင်း၊ သို့သော်လည်း  ၄င်းအနေဖြင့် သီးခြားအတည်ပြုပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြောကြားသည်။

သဇင်မြိုင် ရဲစခန်းမှ နယ်ခြားစောင့် ရဲဝန်ထမ်း ၂ ဦးအား လစာထုတ်ပြီးအပြန်လမ်းတွင် ရက္ခိုင့်တပ်တော် အေအေ အဖွဲ့က ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်နေမှုအပေါ် ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေး တာဝန်ခံ ခိုင်သုခ အား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။

---------------------------------

Unicode:












ဆက်စပ် သတင်းများ