သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မြေပုံမြို့နယ် စညင်းကျေးရွာအနီးတိုက်ပွဲ နံနက် ၈နာရီမှ ညဉ့် ၁၂ နာရီထိ ဖြစ်ပွားခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.3k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းကျေးရွာ အရှေ့ဘက် ၁ ဖာလုံခန့်အကွာတွင် ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၈ နာရီခန့်မှ ညနေ ၄ နာရီခန့်အထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲ အပြင်းထန် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် တပ်ဘက်က ဝေဟင်မှ တိုက်ခိုက်မူများမှာ ညဉ့် ၁၂ နာရီကျော်ထိ ရှိနေခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

“မနေ့က တိုက်ပွဲ နှစ်ဘက်ဖြစ်တာ မနက် ၈ နာရီကစပြီး  ညနေ ၄ နာရီလောက်မှာ ရပ်သွားတယ်။ ဒါပေမယ့် အဲဒီမှာ တပ်ဘက်က ညဉ့် ၁၂ နာရီကျော်အထိ မောင်းသူမဲ့ယာဉ်တွေနဲ့ လာပစ်ပါတယ်။ ယာဉ်က သေးသေးလေးပါ။ အဲဒီ မောင်းသူမဲ့ယာဉ်က မီးမလင်းဘူး။ မီးမလင်းပဲ အပေါ်ကပျံဝဲပြီး လာဗုံးကြဲတာပါ။ တစ်ခါပစ်ရင်၂ စီးစီ လာပစ်ပါတယ်” ဟု စညင်းကျေးရွာမှ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

ပစ်ခတ်မှုဖြစ်သည့်နေရာမှာ မြေပုံမြို့နယ် စညင်းကျေးရွာနှင့် ၁ ဖာလုံခန့်အကွာ တောင်တန်းများ၌ဖြစ်ပြီး ပစ်ခတ်မှုဖြစ်သည့် နေရာသို့ မြေပုံမြို့နယ်ရှိ ကဇူကိုင်း တပ်ရင်းမှလည်း လက်နက်ကြီးများနှင့် လှမ်းပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့ ဒေသခံအခေါ်ဆိုရင် တိုက်လေယာဉ်လို့ ရွာသားတွေက ခေါ်ကြပါတယ်။ အဲဒီယာဉ်က သေးသေး လေးပဲ ရှိပါတယ်။ ဟိုဘက်ကိုစောင်း ဒီဘက်ကိုမှောက် အဲဒီလို လူးလိမ့်လို့ ရပါတယ်။ တိုက်ပွဲမဖြစ်ပဲလည်း ပစ်နေပါတယ်။ အဲဒီယာဉ်မှာ မီးမလင်းဘူး။ လက်နက်ကို တောင်တန်းတွေကို လှမ်းပစ်တယ်။ မီးခိုးတွေထွက် မီးတွေလောင်တာကို ကျွန်တော်တို့ မြင်ရပါတယ်။ ကျွန်တော်တို့ ရွာသားအနည်းငယ် ရွာအနားက လယ်ကွင်းနားမှာ ကွယ်ဝှက်ပြီး လက်နက်ပစ်တာကို ကြည့်ကြပါတယ်” ဟု စညင်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပထမတန်း တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးအား နိရဥ္စရာမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော် ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

သို့သော် ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာတွင် တပ်မတော်ဘက်မှ မောင်းသူမဲ့ယာဉ် Drone ဖြင့် တိုက်ခိုက်မှုများ ရှိနေကြာင်း  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပထမတန်း တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးက အတည်ပြုကြောင်းရေးသားဖော်ပြထားသည်။

ရက္ခိုင့်တပ်တော် ( AA) ၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာ့ တပ်မတော်မှ  မောင်းသူမဲ့ယာဉ် Drone များပေါ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလုပ်ဆောင်လျှက်ရှိကြောင်း ဖော်ပြထားသည်။ 

ရက္ခိုင့်တပ်တော်မှ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ၏ သဘောထားအား သိလို၍ နိရဥ္စရာမှ ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိသေးပါ။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စပြီး ပိုမိုပြင်းထန်လာသည်ဟု ဒေသခံများက ပြောဆိုသည်။

-------------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၃/ ၂ဝ၂ဝ











ဆက်စပ် သတင်းများ