သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၉/၂၀၂၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အုန်းနီချောင်းတံတားအနီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲမှာ ပြင်းထန်နေပြီး ဂျက်တိုက်လေယာဉ်ဖြင့် အသုံးပြု တိုက်ခိုက်နေရကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲမှာ အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအုပ်စု ခမောင်တောအဝိုင်း နှင့် အုန်းချောင်းတံတားအကြားတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ တပ်မတော်ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်တိုက်ခိုက်နေကြောင်း ဒေသခံများ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ဂျက်တိုက်လေယာဉ်နဲ့ လာပစ်နေပါတယ်။ ညဖြစ်နေတဲ့အတွက်ကြောင်း ဘယ်နှစီးပါတယ်ဆိုတာကိုတော့ မသိ၇ဘူး။ ပစ်တာက အခု ၅ ရီကျော် ၆ နာရီလောက်ကနေ စပြီးလာပစ်နေတာပါ။ အခုအချိန်ထိပစ်နေတုန်းပါ။ အမ်းမြို့ပေါ်ကလည်း လက်နက်ကြီးနဲ့ ပစ်နေပါတယ်။ ရဟတ်ယာဉ်မဟုတ်ပါ။ ဂျက်လေယာဉ်ပါ။ မမြင်ရဘူး အသံလောက်ဘဲကြားရပါတယ်။ လေယာဉ်ပေါ်ကနေပစ်နေတာ မီးထွက်နေတာကို တိုက်ရိုက်မြင်နေရပါတယ်” ဟု အမ်းမြို့နယ် မဲလက်မောင်းကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ယနေ့ ညနေ ၈ နာရီ ၁၀ မိနစ်ခန့်က ဆက်သွယ် မေးမြန်းစဉ် ထိုသို့ပြောသည်။
လက်ရှိတိုက်လေယာဉ်များဖြင့်တိုက်ခိုက်နေသည့်နေရာတွင် ယနေ့ နံနက်ပိုင်းက စပြီး တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ နံနက်ပိုင်း ၈ နာရီခန့်က တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခန့်တွင်တစ်ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ၄င်းတိုက်ပွဲမှာ ယခုအချိန်ထိ ညဉ့် ၈ နာရီကျော်ထိ ဖြစ်ပွားနေကြောင်း ၎င်းက ပြောဆိုသည်။
အလားတူ ကမ်းထောင်းကြီးဘက်မှလည်း ဂျက်လေယာဉ်များပျံသန်းနေသည်ကို ကြားနေရကြောင်း၊ ဒေသခံများက ကြောက်လန့်ပြီး နေအိမ်အောက်ဘက်တွင် ပုန်းခိုနေရကြောင်း ကမ်းထောင်းကြီးမြို့ခံတစ်ဦးက ပြောသည်။
ကမ်းထောင်းကြီးမြို့ခံတစ်ဦးက “ဘယ်နားမှာဖြစ်တယ်ဆိုတာကို ထွက်လို့မကြည့်ဝံ့လို့မသိရဘူး။ အခုဂျက်လေယာဉ်နဲ့ ပစ်တယ်။ ဂျက်လေယာဉ်နဲ့ကပ်ပြီးတော့ပျံတယ်။ အခုကျနော်တို့လည်း အားလုံး အိမ်အောက်မှာ ပုန်းနေ၇တယ်။ ဘယ်ဘက်ကိုပစ်တယ်ဆိုတာကို ဘယ်သူမှထွက်လို့မကြည့်ဝံ့ဘူး” ဟု ယနေ့ ညနေ ၈ နာရီခန့်က ဆက်သွယ် မေးမြန်းစဉ် ပြောကြားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံများက တိုက်ပွဲဖြစ်ပွားနေပြီး တပ်မတော်ဘက်မှ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်နေသည်ဟု ပြောဆိုထားသော်လည်း တပ်ဘက်က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
အမ်းမြို့နယ်အတွင်း ယနေ့တိုက်ပွဲဖြစ်ပွားခြင်းရှိ/မရှိ တိုက်လေယာဉ်များဖြင့်တိုက်ခိုက်မှုရှိ/မရှိ အသေးစိတ်သိရှိနိုင်ရန် တပ်မတော်ဘက်သို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
---------------------------
Unicode: