Preview

မယူကမ်း ဖက်လိပ်ပေါက်တောနှင့် အောင်ဇေယျအကြား တိုက်ပွဲဖြစ်၊ ကျေးရွာ ရ ရွာမှ ရွာသားများထွက်ပြေးရ

ဇန်နဝါရီ ၁၁/ ၂၀၂၀ | ကြည့်ရှုသူ :6478
ရခိုင် သတင်း

သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇန်နဝါရီ ၁၁/၂၀၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မယူကမ်း၊ ဖက်လိပ်ပေါက်တောနှင့် အောင်ဇေယျ ကျေးရွာအကြားတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား  ယနေ့ နေ့လယ် ၁ နာရီခန့်က စတင်ပြီး  တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး လက်ရှိ ကျေးရွာ ခုနှစ်ရွာမှ ရွာသားများ ကြောက်လန့်စိုးရိမ်ပြီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သတင်းရရှိသည်။ 

“ ဖြစ်တာက ဒီကနေ့ နေ့လယ် တစ်နာရီမထိုးခင်ဖြစ်တယ်။ ညနေ ၃ နာရီမှ အသံတိတ်သွားတယ်။ ဖြစ်တာက တစ်နာရီခန့်အကြာလောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပြင်းပြင်းထန်ထန်ဖြစ်တယ်။ အခုအချိန်ထိ လက်နက်ငယ် ပစ်သံတွေကို ကြိုးကြားကြိုးကြား ကြားနေရပါတယ်” ဟု ပေါက်တော ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသောနေရာမှာ ဖက်လိပ်ပေါက်တောနှင့် အောင်ဇေယျကျေးရွာအကြားရှိ ကာလာကွင်းတွင် ဖြစ်ပြီး တစ်ဖက်နှင့် တစ်ဖက် ရှေ့ဆိုင် တိုက်ခိုက်နေကြသည်ဟု ၎င်းက ပြောကြားသည်။

ထိုသို့ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် အနီးအနားရှိ အောင်ဇေယျ၊ သဇင်မြိုင်၊ ပိတောက်မြိုင်၊ ပြင်ရှည်၊ (ပ) အိုးသည်မ၊ ပေါက်တောနှင့် ဖက်လိပ်ကျေးရွာမှ ရွာသား ၈၀၀ ကျော်၊ ၉၀၀ နီးပါးခန့်သည် နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေးနေကြသည်ဟု (ပ) အိုးသည်မ အုပ်ချုပ်ရေးမှူးဟောင်းက ပြောသည်။

“  ထွက်ပြေး ကြတဲ့အထဲမှာ မိန်းမနဲ့ ကလေးတွေများပါတယ်။ ၈၀၀ ကျော်၊ ၉၀၀ လောက်ရှိပါမယ်။ သေနတ်သံတွေနဲ့ တိုက်ပွဲ ဒီလောက်ဖြစ်နေမှတော့ ကြောက်ပြီးထွက်ပြေးကြပါတယ်။ ယောကျာ်းတွေတော့ အိမ်တွေကို စောင့်ရှောက်ဖို့ အနီးအနားမှာ ကျန်နေကြပါတယ်။ ထွက်ပြေးကြတာကတော့ စေတီပြင်ကို ထွက်ပြေးတယ်။ ဖက်လိပ်ဘက်က လူတွေဆိုရင် ချောင်းတစ်ဖက်ကမ်း စက်ခေါ်၊ ငွေတောင်ရွာဘက်ကို ပြေးကြတယ်။ အိုးသည်မက ရွာသားတွေဆိုရင် ဒိုးဝေရွာဘက်ကို ပြေးကြရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အောင်ဇေယျကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေသန်းသို့ ဆက်သွယ်ရာ ၎င်းမှာ ပြင်ပ တစ်နေရာကို ရောက်ရှိနေသဖြင့် ရွာတွင် ဖြစ်နေသည့် အခြေအနေကို မသိရှိရသေးဟု ပြောကြားသည်။

“ကျနော်ကလည်း ရွာရဲ့ အပြင်ရောက်နေပါတယ်။ ရွာသားတစ်ယောက် သတင်းပေးတာက ၁၂ နာရီ ၄၅ မိနစ် လောက်က စဖြစ်တယ်လို့ပြောပါတယ်။ အသေးစိတ်တော့ ဘယ်သိနိုင်မလဲ။ အဲဒီအပြင်မှာဖြစ်နေတာကို။ အခုရွာက လူတွေကို ဖုန်းခေါ်လို့မရတော့ဘူး။ အားလုံး စက်ပိတ်ထားကြတယ်။” ဟု နိရဥ္စရာသတင်းဌာနသို့ပြောသည်။

ဘူးသီးတောင်မြိုနယ် ပေါက်တောကျေးရွာသား တစ်ဦးက “ကျနော်လည်းအတိအကျမသိဘူး။ ပေါက်တော ဘက်ကလူတွေပြောတာက ဘူးသီးတောင်မြို့နယ် ပေါက်တော ကြားနဲ့ အောင်ဇေယျကြား ကွင်းပြင်မှာ ဖြစ်နေကြတယ် လို့တော့ ပြောပါတယ်။  ဖြစ်တာသိပ်မကြာသေးဘူး။ ဆယ်မိနစ်လောက်ပဲ ရှိပါသေးတယ်။ အခုလည်း ဆက်ဖြစ်နေတုန်းပါ” ဟု ယနေ့ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ဆက်သွယ်မေးမြန်းစဉ် ထိုသို့ ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ယနေ့ရသေ့တောင်မြို့နယ်နှင့် ဘူးသီတောင်မြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်ပွားခြင်းရှိ/မရှိအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ နိရဥ္စရာသတင်းဌာနမှ ယနေ့နေ့လယ် ၂ နာရီခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပါ။

အလားတူ ရက္ခိုင့်တပ်တော် (AA ) ပြန်ကြားရေးတာဝန်ခံခိုင်သုခအား နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသတင်းအား မကြားသိ၇သေးကြောင်း ပြန်လည်ဖြေကြားသည်။

---------------------------

Unicode:














#စစ်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.