ကယ်ဆယ်ရေးစခန်းမရှိ၍ အမ်းမြို့နယ်မှ စစ်ဘေးရှောင်များမှာ ဆွေမျိုးများနေအိမ်များ၌ မှီခိုနေရပြီး အခက်အခဲဖြစ်ပေါ်နေ


ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၁၃/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် အစိုးရမှ တာဝန်ယူ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းမရှိသည့်အတွက် စစ်ဘေးရှောင်များမှာ ဆွေမျိုးတော်စပ်သူများ၏ နေအိမ်များ၌ မှီခိုစားသောက်နေရက အခက်အခဲဖြစ်နေကြကြောင်း  ဒေသခံများက ပြောသည်။

အမ်းမြို့နယ်တွင် တိုက်ပွဲများအကြား ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် လူဦးရေ ၃ဝဝ ခန့်ရှိနေသည်ဟု သိရသည်။ 

“စစ်ဘေးရှောင်တွေကတော့ ဖြစ်သလို စားနေရပါတယ်။ သီးသန့်ကယ်ဆယ် ရေးစခန်းမရှိတဲ့အခါ လှူမယ့် အဖွဲ့အစည်းတွေကလည်း မသိဘူးနဲ့ တူပါတယ်။ အစိုးရကလည်း တာဝန်ယူပြီး တော့ ကယ်ဆယ်ရေးစခန်းတွေကို ဖွင့်လှစ်ထားတာမရှိတော့ နီးစပ်ရာဆွေမျိုးတွေဆီ ကပ်စားနေရတဲ့ အခြေနေမှာ ရှိပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် သူတို့ကို သွားရောက်လှူဒါန်းတာတွေ ရှိပါတယ်”ဟု အမ်းမြို့မှ စစ်ဘေးရှောင်များအား ကူညီပေးနေသည့် ကိုမျိုးလွင်က နိရဥ္စရာသို့ ပြောသည်။

ယခင်က အမ်းမြို့ရှိ အမှတ်(၅) ရပ်ကွက်တွင် အားကစားခမ်းမအား ကယ်ဆယ်ရေးစခန်းအဖြစ် ယာယီဖွင့်လှစ်ခဲ့သော်လည်း နောက်ပိုင်းတွင်  ယခုလက်ရှိတွင် ၄င်းကယ်ဆယ်ရေးစခန်းကို  ပိတ်ထားကြောင်း သိရသည်။

၎င်းစစ်ဘေးရှောင် ၃ဝဝ ခန့်မှာ အမ်းမြို့နယ် ဒါးလက်ဟောင်းကျေးရွာ၊ ကဇုကိုင်းအုပ်စု အုန်းနီချောင်းကျေးရွာ၊ ဖရုံချောင်းကျေးရွာတို့မှ ဖြစ်ကြောင်း သိရသည်။

၎င်းတို့အထဲမှ အမ်းမြို့ အမှတ် (၄) ရပ်ကွက်တွင် ၉၄ ဦး၊ အုန်းနီချောင်းကျေးရွာနှင့် ဖရုံချောင်းကျေးရွာတို့မှ အမ်းမြို့နယ် ဆင်ဦးတိုက်ကျေးရွာနှင့် ကဇုကိုင်းကျေးရွာသို့ လူဦးရေ ၇ဝ ကျော်ခန့်၊ ဒါးလက်ဟောင်းကျေးရွာမှ ဆင်တိုးကျေးရွာသို့ ၄၁ ဦးနှင့် တစ်ခြား ကျေးရွာများတွင် ခိုလှုံနေသူများပါဆိုလျှင် ၃ဝဝ ခန့်ရှိကြောင်း သိရသည်။ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့သို့လည်း အများအပြား ထွက်ပြေး တိမ်းရှောင် နေကြရကြောင်း သိရသည်။

“ဘယ်ရွာမှာ ဘယ်နှစ်ယောက်ရှိလဲဆိုတာကို အတိကျ စာရင်းမရသေးပါဘူး။ လူတွေက ကယ်ဆယ်ရေးစခန်းမရှိတော့ သူတို့ရဲ့ ဆွေမျိုးတွေ အိမ်မှာပဲ သွားနေကြရတာကြောင့်ပါ။ တိုက်ပွဲဖြစ်လို့ ထွက်ပြေးလာကြတာပါ။ စားဝတ်နေရေးကတော့ ဘယ်လိုမှ အဆင်မပြေပါဘူး” ဟု အမ်းမြို့နယ် ကဇုကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက နိရဥ္စရာသို့ ပြောသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေလည်း အမ်းမြို့သို့ ရောက်ရှိနေပြီး စစ်ဘေးရှောင်များနှင့် တွေ့ဆုံနေကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက “လက်ရှိအခြေနေကတော့ အစိုးရရဲ့ စစ်ဘေးရှောင်စခန်းရယ်လို့ မတွေ့ခဲ့ပါဘူး။ အဲဒီက စစ်ဘေးရှောင်တွေက အမ်းမြို့ထဲမှာပဲ သူတို့ရဲ့ ဆွေမျိုးသားချင်းအိမ်တွေမှာ ဟိုတစ်စု၊ ဒီတစ်စု ခွဲနေရတာကို တွေ့ရပါတယ်။ လူကလည်း ရာနီးပါးရှိတဲ့အခါမှာ အဲဒီပတ်ဝန်းကျင်တွေမှာ နေထိုင်ရတာ အဆင်မပြေကြပါဘူး။ သူတို့ရဲ့ ကျန်းမာရေးအတွက်လည်း စိုးရိမ်ရပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

အမ်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ၏ အခြေနေအား ဇန်နဝါရီ ၁ဝရက်နေ့မှ ၁၂ ရက်နေ့ထိ ကွင်းဆင်းလေ့လာခဲ့ကြောင်းလည်း သူမက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဦးဝင်းမြင့်အား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းခဲ့ရာ “သူတို့ နေစရာ နေရာမရှိဘူးဆိုတာကတော့ ကျွန်တော်တို့က အုပ်ချုပ်ရေးမှူးနဲ့ အဆက်သွယ်မရရင် ဘယ်အိမ်မှာ နေတယ်။ ဘယ်မှာနေတယ်ဆိုတာ ဘယ်လို သိမှာလဲ။ အဲဒါကြောင့် အုပ်ချုပ်ရေးမှူးက သတင်းပို့မှ ကျွန်တော်တို့က စီစဉ်လို့ ရမှာပေါ့နော်။ ”ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအနက် ဖရုံချောင်းကျေးရွာနှင့် အုန်းနီချောင်းကျေးရွာတို့မှ စစ်ဘေးရှောင်များမှာ ရခိုင်လူမျိုးများဖြစ်ကြပြီး ကျန်ကျေးရွာများမှ စစ်ဘေးရှောင်များမှာ ချင်းလူမျိုးများဖြစ်ကြကြောင်းလည်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေမှာ ၁ သိန်းကျော်ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးမှ စာရင်းများအရ သိရသည်။

--------------------------------

Unicode:



နိရဉ်စရာ၊ ဇနျနဝါရီ ၁၃/ ၂ဝ၂ဝ














Share: