စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

စစ်သုံ့ပန်းများထဲမှ အသက်ကြီးပိုင်း ၂ ဦးအား ပြန်လွှတ်ပေးမည်ဟု(AA)ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

စစ်သုံ့ပန်းများထဲမှ အသက်ကြီးပိုင်း ၂ ဦးအား ပြန်လွှတ်ပေးမည်ဟု(AA)ထုတ်ပြန်

သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၁၇/၂ဝ၂ဝ

တိုက်ပွဲများအတွင်း ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများထဲမှ အသက်ကြီးပိုင်း ၂ ဦးအား လူသားချင်းစာနာသောအနေဖြင့် ပြန်လွှတ်ပေးမည်ဟု ရက္ခိုင့်တပ်တော်(AA) က သတင်းထုတ်ပြန်လိုက်သည်။

ပလက်ဝမြို့နယ် ကာမချောင်းအနောက်ဘက်တောင်တန်းပေါ်၌ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တပ်မ(၇၇)လက်အောက်ခံ မှော်ဘီအခြေစိုက်  တပ်ရင်း (၃၁၃)မှ အရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ထိုသို့ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများထဲမှ ကျန်းမာရေးအားနည်းသူ အသက်ကြီးပိုင်း ၂ ဦးအား ပြန်လွှတ်ပေးမည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းများထဲမှ ယခုရက်ပိုင်းအတွင်း ပြန်လွှတ်ပေးမည့် အသက်ကြီးပိုင်း နှစ်ဦးမှာ  တပ်ကြပ် ဦးမောင်ထွေး(၄၉)နှစ် ကိုယ်ပိုင်အမှတ်- တ/၉၂၁၅ဝ၄ နှင့် တပ်ကြပ် ဦးဇော်ဇော်(၅၃)နှစ် ကိုင်ပိုင်အမှတ် - တ/၂၆ဝဝ၆၂ တို့ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် အခြားသောတိုက်ပွဲများနှင့် စစ်ဆင်ရေး ဒေသအသီးသီးတို့မှ ဖမ်းဆီးရမိသည့် မြန်မာ့အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းထားပြီး မြန်မာအစိုးရမှ နိုင်ငံရေးနှင့်ဆက်စပ်ပြီး  ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထားသည့်  အပြစ်မဲ့ရခိုင်ပြည်သူများနှင့် မိမိတို့၏ တပ်ဖွဲ့ဝင်များအား ပြန်လွှတ်ပေးမည် ဆိုပါက ရက္ခိုင့်တပ်တော် (AA)က ထိန်းသိမ်းထားသည့် မြန်မာ့အစိုးရ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအား အပြု သဘောဆောင် တုန့်ပြန်သည့်အနေဖြင့် လွှတ်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံကမ်းလှမ်းလိုက်သည်ဟု ထုတ်ပြန်ထားသည်။

စစ်သုံ့ပန်းများအား လဲလှယ်ရန် ရက္ခိုင့်တပ်တော်(AA) ဘက်မှ ၂ဝ၁၉ နိုဝင်ဘာလ အတွင်းက တစ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ယခုတစ်ကြိမ်ထပ်မံ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံသို့ နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် တပ်ဘက်မှ သဘောထားကို တင်ပြပေးနိုင်ခြင်းမရှိသေးပါ။

ရက္ခိုင့်တပ်တော်(AA)၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရနှင့် တပ်မတော် ခေါင်းဆောင်များအနေဖြင့် ဒေါသ မောဟ မာနများကို ဘေးဖယ်ပြီး လူကြီးမင်းတို့လက်အောက်ငယ်သားများ၏ ဒုက္ခ သုခ ကောင်းကျိုးချမ်းသာများကို ထည့်သွင်းလျက် မေတ္တာရှေ့ထား စဉ်းစားသင့်ကြောင်း၊ မိမိတို့ ရခိုင်အမျိုးသားများအနေဖြင့် အမျိုးသား လွှတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး အတွက် မလွှဲသာ၍  လက်နက်ကိုင် တော်လှန်ရေး ဆင်နွွှဲ နေရသော်လည်း လူမျိုးရေး အမုန်းတရားများကို  ရှေ့တန်းတင်၍ လုပ်ဆောင်နေသည့် အဖွဲ့အစည်း မဟုတ် ဆိုသည့်ကို  မိမိတို့ အဖွဲ့အစည်းများ၏  လုပ်ဆောင်ချက်များကို ကြည့်လျှင် သိနိုင်ပါသည်ဟု ထုတ်ပြန်ထားသည်။

----------------------------------

Unicode:










ဆက်စပ် သတင်းများ