ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

သွေးအားနည်းရောဂါ အများဆုံးဖြစ်ပွားနေသည့် ရခိုင်မှအမျိုးသမီးနှင့် ကလေးသူငယ်များအား ကာကွယ်ရန် ဘတ်ဂျက်မလုံလောက်ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 4.9k

ချစ်အိလှိုင်
နိရဥ္စ့ရာ၊ ဇန်နဝါရီ ၁၇/ ၂ဝ၂ဝ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သွေးအားနည်းရောဂါ အများဆုံး ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှအမျိုးသမီးနှင့် ကလေးငယ်များ၏ ရောဂါကိုကာကွယ်ရန်အတွက် ဘတ်ဂျက်မလုံလောက် ဖြစ်နေသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ပြောဆိုသည်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကြီးမှူးပြီး  စစ်တွေမြို့၊ ကျန်းမာရေးဦးစီးဌာနရုံးတွင် ရခိုင်ပြည်နယ် အဆင့် ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအဟာရ  ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲအတွက် ကနဦးညှိနှိုင်း အစည်းအဝေးအပြီးတွင် ပြောဆိုသွားခြင်းဖြစ်သည်။

ပြည်သူ့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အဟာရဖွ့ံဖြိုးရေးသုတေသနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ လွင်မာလှိုင်က “ရခိုင်ပြည်နယ်အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသတွေ အားလုံးနဲ့နှိုင်းစာရင် သွေးအားနည်းရောဂါ အများဆုံးဖြစ်နေတာပါ။ အဲဒီထဲမှာမှ အဟာရချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါက ဗမာပြည် အနေအထားအရ အများဆုံးဖြစ်နေတာပါ။ သံဓာတ်ချို့တဲ့လို့လည်းပါပါတယ်”ဟု နိရဥ္စရာ သတင်းဌာနကိုပြောသည်။

၂ဝ၁၇ ခုနစ် နိုဝင်ဘာလမှ ၂ဝ၁၈ ခုနစ် မေလက ကောက်ယူထားသော မြန်မာနိုင်ငံ အစာစားသုံးမှု အခြေနေ လေ့လာရေး စစ်တမ်းအရ ရခိုင်ပြည်နယ်တွင် အဟာရချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ပို၍အဖြစ် များခြင်းဖြစ်သည်။

သွေးအားနည်းရောဂါကို သံဓာတ်ချို့တဲ့နေသော ကိုယ်ဝန်ဆောင်မိခင်များနှင့် သံကောင်များကြောင့် သံဓာတ်အားနည်းသော လူများ၌ ပိုတွေ့ရသည်ဟု သူမက ဆက်ပြောခဲ့သည်။

လက်ရှိတွင် ၄င်းရောဂါများကိုကာကွယ်မှုများလုပ်ဆောင်ရန်အတွက် ဘတ်ဂျက်ငွေများ၊ လူအင်အားနှင့် အခြားလိုအပ်သော အထောက်အပံ့ပစ္စည်းများ လုံလောက်မှုမရှိဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် အာဟာရဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်နှင်းဝေ က ပြောသည်။
 
ဒေါက်တာ ခိုင်နှင်းဝေက “ကျွန်မတို့အနေနဲ့လုပ်ဆောင်ရာမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဘတ်ဂျက် မလုံလောက်မှု အပါအဝင် လူအင်အားနဲ့ တစ်ခြားထောက်ပံ့ပစ္စည်းတွေအစ လုံလောက်မှု မရှိပါဘူး” ဟု  နိရဥ္စရာသတင်းဌာနကိုပြောသည်။

၄င်းဆွေးနွေးပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ လူပုဂ္ဂိုလ် ( ၆ဝ) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲကို နံနက် ၉ နာရီမှ စတင်ပြီး  နံနက် ၁၁ နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။

-----------------------------

Unicode:


နိရဉ်စ့ရာ၊ ဇနျနဝါရီ ၁၇/ ၂ဝ၂ဝ






 




ဆက်စပ် သတင်းများ