ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၄/ ၂၀၂၀
အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ အထူးအယူခံကို ဝင်ခွင့်ပြုရန် လျှောက်လဲချက်ကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ယနေ့ ပယ်ချလိုက်ပြီးနောက် နောက်ဆုံးအခွင့်အရေးအဖြစ် နိုင်ငံတော် သမ္မတထံ အသနား ခံစာတင်၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရှိသေးသော်လည်း ၎င်းအသနားခံစာကို နောက်ထပ် တင်သွင်း သွားတော့မည် မဟုတ်ဟု ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည်။
သူအမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးခင်နုက “နောက်ဆုံးအဆင့်အနေနဲ့ နိုင်ငံတော်သမ္မတထံကို အသနား ခံစာတင်၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်တော့ ရှိပါသေးတယ်။ ဒါပေမယ့် ဒေါက်တာအေးမောင်က အသနားခံစာ တင်ရန် ခွင့်မပြုတော့ဘူး။ နိုင်ငံတော် သမ္မတထံ အသနားခံစာတင်တယ်ဆိုတာက အပြစ်ရှိလို့ သူတို့ဆီက ကင်းလွတ်ခြင်းကို တောင်းသလိုမျိုး ဖြစ်တယ်လေ။ အဲဒါကို ဒေါက်တာအေးမောင်က လက်မခံပါဘူး။ ကိုယ်က မမှားဘဲ အသနားခံသလို မျိုးဖြစ်တယ်လေ။ အဲဒီပုံစံမျိုးကြောင့် အသနားခံစာ မတင်တော့တာပါ” ဟု ဦးခင်နုက ဆက်ပြောသည်။
နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်အညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် အနှစ် (၂၀) ချခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ အထူးအယူခံကို ခွင့်ပြုရန် သင့်/ မသင့် လျှောက်လဲချက်ကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ ယနေ့ပယ်ချခဲ့သည်။
“တရားစီရင်ရေးအရဆိုရင် ဒေါက်တာအေးမောင်တို့ရဲ့ အခွင့်အရေးက ဆုံးရှုံးသွားပြီပေါ့နော်။ အယူခံခွင့်ဆိုတာလည်း နောက်ထပ် မရှိတော့ဘူးပေါ့နော်။ ဘာကြောင့်ပယ်ချတယ်ဆိုတာကို သူတို့ဘက်က အကြောင်းပြချက် ပေးကို ပေးရမယ်။ အခုကတော့ ဘာကြောင့်ပယ်ချလိုက်တာလဲ မသိရသေးပါဘူး”ဟု ရှေ့နေ ဦးခင်နုက နိရဥ္စရာသို့ ပြောသည်။
ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင့်အား ရက္ခိုင့်တပ်တော် (AA) မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး ယခုလ ဇန်နဝါရီ ၂၁ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ခြင်း အပေါ် ရခိုင့်ဦးဆောင်ပါတီ (AFP) က ကြိုဆိုကြောင်း၊ ဒေါက်တာအေးမောင် အပါအဝင် လက်ရှိ ရခိုင်ပြည်နယ်၏ ပဋိပက္ခများ အတွင်း ဖမ်းဆီး အကျဉ်းချခံထားရသူများအားလည်း ရေရှည် တည်တံ့သော ငြိမ်းချမ်းရေးကို တည်ဆောက်ရန် အမြန် ပြန်လွှတ် ပေးစေလိုကြောင်း ၇ခိုင့်ဦးဆောင်ပါတီ (AFP) ယနေ့ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
----------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၂၄/ ၂၀၂၀