သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၂၅/၂၀၂၀
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်မူဆလင်ကျေးရွာ ယနေ့ နံနက် အစောကြီး ညဉ့်အချိန် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ အမျိုးသမီး ၂ ဦးသေဆုံးပြီး ရ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။
၎င်းလက်နက်ကြီးကျည်မှာ ညဉ့် ၁ နာရီခန့်က ကင်းတောင်အုပ်စု၊ ကင်းတောင်မူဆလင် ကျေးရွာမှ နေအိမ်တစ်လုံးထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး မူဆလင် အမျိုးသမီးငယ်တစ်ဦးနှင့် အိမ်ထောင်သည်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။
“မိန်းမ ၂ ယောက်သေသွားပါတယ်။ တစ်ယောက်က အသက် ၁၈ နှစ်လောက်ရှိမယ်။ နောက်တစ်ယောက်က ၃၀ လောက်ရှိမယ်။ ကျနော်နာမည်လည်းမရပါ။ ဒဏ်ရာရတဲ့လူတွေကို ဘူးသီးတောင်ဆေးရုံကို ယူသွားပါတယ် ” ဒေသခံမူဆလင် တစ်ဦးက ပြောသည်။
ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက “ ညဉ့်အချိန် အိပ်နေစဉ် လာကွဲတာ။ အမျိုးသမီးတစ်ဦးပွဲချင်းပီးသေတယ်။ နောက်ထပ် ဒဏ်ရာ၇သူ ၈ ဦးကို ဘူးသီးတောင် ဆေးရုံကို ယူဆောင်လာရာမှာ တစ်ဦးနောက်ထပ်ဆုံးတယ်။ ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးနဲ့ ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဆုံးတယ်” ဟု ပြောကြားသည်။
နေအိမ်အတွင်းကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်မှာ မည်သည့်ဘက်မှလာသည်ကို မသိရကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညဉ့်အချိန် ၅၅၁ နှင့် ကြာညိုပြင်တံတား ဘက်မှလည်း လက်နက်ကြီးများ ပစ်ခတ်သည်ကို ညဉ့်အချိန်ကြားနေရကြောင်း၊ ကြာညိုပြင် ကျေးရွာအနီးရှိ လေးမြို့အုပ်စု ရာအိမ်မှူး က ပြောသည်။
------------------------------------
Unicode: