ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်ကြောင်းဝင်လာ၍ ရသေ့တောင်ဒေသခံ ၁ဝဝဝ ကျော် ရွာမှနေ ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.9k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇန်နဝါရီ ၂၅/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှ ကျေးရွာ ၄ ရွာမှ ဒေသခံ ၁ဝဝဝ ကျော်သည် စစ်ကြောင်း ရွာထဲသို့ ဝင်ရောက်လာသဖြင့် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

အဆိုပါ ကျေးရွာ ၄ ရွာမှာ ရသေ့တောင်မြို့နယ်မှ ရေပုတ်ကျေးရွာ၊ ငစံဘော်ကျေးရွာ၊ မောင်ဖြူကျေးရွာနှင့် ကျောက်ရံသာစည်ကျေးရွာတို့မှဖြစ်ကြောင်း သိရသည်။

“မနေ့က မောင်ဖြူရွာနဲ့ ကျောက်ရံသာစည်ရွာတို့ဘက်ကို စစ်သားတွေ ဝင်လာတော့ ရွာသား တွေက မနေရဲလို့ ရေပုတ်ရွာကို ပြေးလာခဲ့ကြပါတယ်။ ဒါပေမယ့်  စစ်တပ်က အခု တစ်ခါ ကျွန်တော်တို့  ရေပုတ် ရွာဘက်ကို လာနေကြပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း အခု ထွက်ပြေးဖို့ လုပ်နေကြပါတယ်။ သူတို့နဲ့ အတွေ့မခံရဲဘူး”ဟု ရေပုတ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က ကျောက်ရံသာစည်နှင့် မောင်ဖြူကျေးရွာများ အနီးတွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး အင်အား  ၁၅ဝ ခန့်ရှိသည့် တပ်မတော် စစ်ကြောင်း တစ်ခုသည် မောင်ဖြူကျေးရွာနှင့် ကျောက်ရံသာစည်ကျေးရွာအတွင်း ဝင်ရောက် လာခဲ့ကြောင်း၊ ကျေးရွာသားများမှာ ကြောက်လန့်၍ ရေပုတ်ကျေးရွာသို့ ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း ဦးမောင်ဝေသိန်းက ဆက်ပြောသည်။

ဇန်နဝါရီ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ငစံဘော်ကျေးရွာ၊ မောင်ဖြူကျေးရွာနှင့် ကျောက်ရံ သာစည်တို့မှ လူဦးရေ ၁ဝဝဝ ခန့် ရေပုတ်ကျေးရွာသို့ ထွက်ပြေးခဲ့ကြပြီး၊ မောင်ဖြူ ကျေးရွာနှင့် ကျောက်ရံသာစည်ကျေးရွာအတွင်း နေထိုင်သည့် တပ်မတော်စစ်ကြောင်းမှာ ယနေ့ နေ့လယ် ၁ နာရီခန့်က ရေပုတ်ကျေးရွာဘက်သို့ စစ်ကြောင်းချီလာရာ ရေပုတ်ကျေးရွာမှ ဒေသခံများအပါအဝင် အဆိုပါ ထွက်ပြေးလာသည့် ဒေသခံ ၁ဝဝဝ ကျော်မှ အချို့တို့မှာလည်း ယနေ့ နေ့လယ် ၁ နာရီ ၁ဝ မိနစ်ခန့်က ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဘက်သို့ ထွက်ပြေးနေကြရကြောင်း သိရသည်။

“စစ်ရေးကာလဆိုတော့ သူတို့ စစ်ကြောင်းတွေ လှုပ်ရှားရင် လိုသလို လူတွေကို ခေါ်သွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မနေရဲပါဘူး။ ဒီနေ့ မနက်ကတောင် ရွာက ကျေးရွာသား နှစ်ယောက်ကို ခေါ်သွားပါတယ်။ အခုတော့ ပြန်လွတ်ပေးလိုက်ပါပြီ။ သူ့မိဘတွေ သွားတောင်းပန်လို့ပါ။” ဟု ဇန်နဝါရီ ၂၄ ရက်နေ့က မောင်ဖြူကျေးရွာမှ ရေပုတ်ကျေးရွာသို့ ထွက်ပြေးရောက်ရှိလာသည့် ဦးမောင်စိုးဖြူက နိရဥ္စရာသို့ ပြောသည်။

ဦးမောင်ဝေသိန်းက မောင်ဖြူကျေးရွာမှ ခေါ်ဆောင်ခြင်းခံခဲ့ရသည့် ကျေးရွာသားနှစ်ဦး၏ အမည်များကို မသိရသေးကြောင်း၊ ထွက်ပြေးလာသော ဒေသခံများ၏ စာရင်းအတိကျအားလည်း မကောက်ရသေးကြောင်း ပြောသည်။

“ကျွန်မတို့ စစ်သားတွေကို ပြောပြီး ရွာက ထွက်ပြေးလာကြတာပါ။ သူတို့ကို ကျွန်မတို့က ပြောပြပါတယ်။ ကလေးတွေက ညဆိုရင် မအိပ်နိုင်ဘဲ လန့်အော်နေကြလို့ ကျွန်မတို့ တခြား တစ်ရွာကို ထွက်သွားချင်ပါတယ်လို့ ပြောတော့ သူတို့ စစ်တပ်က ရတယ် သွားချင်ရင် သွားလို့ ပြောလို့ ကျွန်မတို့ ထွက်ပြေးလာကြတာပါ” ဟု ရေပုတ်ကျေးရွာသို့ ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က မောင်ဖြူကျေးရွာမှ ထွက်ပြေးလာသည့် ဒေါ်အေးသန်းလှက နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

----------------------------------

Unicode:


နိရဉ်စရာ၊ ဇနျနဝါရီ ၂၅/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ