ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဇန်နဝါရီ ၂၉/၂၀၂၀
ရက္ခိုင့်တပ်တော် (AA) ကဖမ်းဆီးသွားသူ မိုင်တဲလ်က ဝန်ထမ်းနှစ်ဦးကို ယနေ့ ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။
လွှတ်လာသူ နှစ်ဦးမှာ မိုင်တဲလ် (Mytel) ပြည်နယ်ဆက်သွယ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်းဦးစောသိန်းမောင်တို့ဖြစ်ကြသည်။
၎င်းတို့နှစ်ဦးအား ယနေ့ လွှတ်ပေးလိုက်ခြင်းအပေါ် အေအေပြောခွင့်ရသူ ဦးခိုင်သုခက နိရဥ္စရာ သတင်းဌာနသို့ ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ က အတည်ပြု ပြောကြားသည်။
ဦးခိုင်သုခက “ မိုင်တဲလ်က တွဲဘက် ဒါရိုက်တာ ဦးဇော်ထွန်းအောင်နဲ့ သူ့ရဲ့ ဒရိုင်ဘာ ဦးစောသိန်းမောင်တို့ နှစ်ဦးကို ပေါက်တောမြို့နယ် မနော်သီရိ ကျေးရွာက တစ်ဆင့် လွှတ်ပေးလိုက်ပါတယ်။ ဒီနေ့ မနက် ၆ နာရီကျော်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
၎င်းတို့နှစ်ဦးအား ဖမ်းဆီးရခြင်းမှာ ညမထွက်ရ ဧရိယာထဲမှာ ကားဖြင့် သွားလာနေသဖြင့် မသင်္ကာ၍ ခေါ်ယူ ဖမ်းဆီး စစ်ဆေးမေးခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်နေသဖြင့် ယခုမှ ပြန်လည် လွှတ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
၎င်းတို့နှစ်ဦးသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ် တောင်ပေါက် ကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) ကဖမ်းဆီး ခေါ်ဆောင်သွားခဲ့သူများ ဖြစ်ကြသည်။
ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း တပ်မတော်မှ အသက်ကြီးရင့်နေသူ တပ်ကြပ် နှစ်ဦးဖြစ်ကြသည့် ဦးမောင်ထွေးနှင့် ဦးဇော်ဇော်တို့ကို ပလက်၀မြို့နယ် ကင်းသလင်းကျေးရွာမှ တစ်ဆင့် AA က ပြန်လည် လွှတ်ပေးခဲ့သည်။
-----------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၂၉/၂၀၂၀