နီမင်းထွန်း
နိရဥ္စရာ၊ ဇန်နဝါရီ ၂၉ /၂၀၂၀
မတ်လအထိ ပညာသင်ကာလတိုးမြှင့်ခြင်းကို ကန့်ကွက်မှု အပါအဝင် ဆရာ/ဆရာမများ၏ ဖဲကြိုးစိမ်း လှုပ်ရှားမှုကိုထောက်ခံသော အားဖြင့် စစ်တွေတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများက ယနေ့တွင် လှည့်လည် ချီတက် ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
၄င်းဆန္ဒပြပွဲကို စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂမှဦးဆောင်ကာ စစ်တွေ တက္ကသိုလ် ကျောင်းဝန်းတွင် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်၌ ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လှည့်လည်ကြွေးကြော်တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
စစ်တွေတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုတိုးတိုးအောင်က "မြန်မာနိုင်ငံရဲ့ ပညာသင် ကာလ တိုးမြင့်မှုကို ကန့်ကွက်တယ်။ ဆရာ/ဆရာမတွေလုပ်နေတဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ထောက်ခံတယ်။ တိုင်းရင်းသား ဒေသတွေမှာ ပညာရေးကျောင်းတွေကို ကိုယ်ထူကိုယ်ထ လုပ်နေရတာတွေ ရှိတယ်။ အဲဒါတွေနဲ့ ပြီးတော့ ကျောင်းတွင်း လိုအပ်ချက်တွေကိုလည်း ထည့်သွင်း ဆန္ဒပြ တောင်းဆိုနေတာဖြစ်တယ်။"ဟု နိဥ္စရာသတင်းဌာနကို ပြောသည်။
ဆန္ဒပြရာတွင် "သုတေသနမရှိသော ပညာရေးစနစ်အလိုမရှိ၊ မတ်လကုန်အထိ စာမေးပွဲစစ်ခြင်းဖြင့် နိုင်ငံစီးပွားတိုးတက်နိုင်ပါသလား"၊ "စီမံခန့်ခွဲမှု အလွဲများအား ချက်ချင်းပြုပြင်ပေးရေး"၊ "အထက်လူကြီးများအနေဖြင့် ကျောင်းသား/ကျောင်းသူများအား မလေးမခန့်ပြောဆိုမှုအား ချက်ချင်းရပ်"၊ "စီမံခန့်ခွဲမှုအလွဲများအား ချက်ချင်းပြုပြင်ပေးရေး"၊ "အမှန်တရားတစ်ခုအတွက် အချိန်မဆွဲပါနှင့်"၊ "ဘယ်အစိုးရတက်တက် အာဏာရှင်ဆန်ရင် တွန်းလှန်မှာပဲ" စသည့် အချက်(၇)ချက် ပါသည့် ပိုစတာ ဗီနိုင်းများကို ကိုင်ဆောင်ချီတက်ကာ ချီတက်ခဲ့ကြသည်။
၄င်းအပြင် စစ်တွေတက္ကသိုလ်ကျောင်းတွင်းလိုအပ်ချက် (၅) ချက်ကို တောင်းဆိုခဲ့ကြသည်။
"စစ်တွေတက္ကသိုလ်လုံခြုံရေး အမြန်ဆုံးအကောင်ထည်ဖော်ပေးရေး"၊ "ဆိုင်ကယ် Stand လုံလောက်စွာရရှိရေး"၊ "တက္ကသိုလ်ဘေးပေါက် မင်းဂံလမ်းအား ကွန်ကရစ်လမ်းသစ် အမြန်ဆုံးအကောင်အထည်ဖော်ပေးရေး"၊ "တက္ကသိုလ်ကန်တင်း လမ်းအား အမြန်ဆုံးအကောင်အထည်ဖော်ပေးရေး"၊ "တက္ကသိုလ်ရှေ့ပေါက် ဘုမေရွာလမ်းအား ကွန်ကရစ်လမ်းသစ် အမြန်ဆုံးအကောင်ထည်ဖော်ပေးရေး" စသည့် အချက်(၅)ချက်တို့ ဖြစ်ကြသည်။
ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၄ တန်းနှင့် ၈ တန်းစာမေးပွဲတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ မတ် ၃ ရက်နေ့အထိ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ် ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း စစ်ဆေးသွားမည်ဖြစ်ပြီး ကျန်အတန်းများ ကိုလည်း ကျောင်းတွင်းစာမေးပွဲအနေနှင့် မတ်လ ၂၃ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ စစ်သွားမည်ဟု ထုတ်ပြန်ထားသည်။
၄င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း ယခုကဲ့သို့ ပညာသင်ကာလ တိုးမြှင့်သတ်မှတ်ချက်သည် ဆရာ၊ ဆရာမများ၊ မိဘများနှင့် ကျောင်းသား/ကျောင်းသူများအတွက် အခက်အခဲများကိုသာ ရင်ဆိုင်ရနိုင်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာအရည်အချင်းကို ထူးထူးခြားခြား တိုးမြင့်လာစေမှာ မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။
၄င်းပညာသင်ကာလတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ မြန်မာတစ်နိုင်ငံလုံးမှ ပညာရေးဌာနများအပါအဝင် တက္ကသိုလ်ကျောင်းအများစုမှ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများက ကန့်ကွက်ဆန္ဒပြမှုများရှိနေကြသည်။
--------------------------------------
Unicode:
နိရဉ်စရာ၊ ဇနျနဝါရီ ၂၉ /၂၀၂၀