စိုးဇံအောင်
နိရဥ္စရာ၊ဇန်နဝါရီ ၂၉ / ၂၀၂၀
ရခိုင်ပြည်နယ်၊အမ်းမြို့မှ ကလေး ၇၀ ကျော်ဖျားနာနေမှုနှင့် ပတ်သက်ပြီး ရောဂါစစ်ဆေး ရှာဖွေရန် ၎င်းကလေးငယ်များ၏ သွေးနမူနာအား အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနသို့ ယနေ့ပို့ ပေးမည်ဟု သိရသည်။
“ကျွန်တော်တို့ သွေးအဖြေကို သိရဖို့ သွေးတွေကို အမျိုးသားကျန်းမာရေး ဓါတ်ခွဲဌာနကို ဒီနေ့မှ ပို့ရမယ်။ အဖြေရဖို့ တစ်ရက် နှစ်ရက် ကြာမယ်။ဒါပေမယ့်လည်း အဲဒီအဖြေမရသေးခင်မှာ ကျွန်တော်တို့က ဝက်သက်ရောဂါရဲ့ ထူးခြားချက် တစ်ခုဖြစ် တဲ့ Recovery Red ကို ကွင်းဆင်းတဲ့ နေရာမှာ ရှာတွေ့ထားတယ်”ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က နိရဥ္စရာသို့ ပြောသည်။
အမ်းမြို့နယ် သလူမော်ကျေးရွာတွင် ကလေးငယ် ၇၀ ခန့် ဖျားနာပြီး မျက်နာများပေါ် အနီအကွက်များထွက်သဖြင့် ယင်းအထဲမှ ၄ ဦးကို ကျောက်ဖြူဆေးရုံသို့ ဆေးကုသ ခံယူနေစဉ် တစ်ဦးမှာ သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့ကစတင်ပြီး ကလေး ၅၀ ကျော်မှာ ဖျားနာပြီး မျက်နှာပေါ်တွင် အနီကွက်များပေါ်ထွက်နေခဲ့ကြောင်း၊ လက်ရှိတွင် ရွာအတွင်း ဖျားနာနေသည့်ကလေး ၇၀ ခန့်ရှိပြီး တစ်ချို့မှာ ကျောက်ဖြူခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သလူမော် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။
“လက်ရှိအခြေအနေကတော့ ရွာမှာ ဖျားနေတဲ့ ကလေး ၇၀ လောက်ရှိတယ်။မနက်က ပြည်နယ်က ကျန်းမာရေး မှူးတွေ၊ နောက်ပြီး အမ်းမြို့နယ်က ကျန်းမာရေးမှူးတွေ ပူးပေါင်းပြီး ကျွန်တော်တို့ ကာကွယ်ဆေးတွေ ထိုးထား တယ်။ပြီးတော့ သူတို့ပြန်သွားတယ်။ဆေးရုံမှာရောက်နေတဲ့ ကလေး လူနာတွေဆီက သွေးနဲ့ ရွာမှာရှိနေတဲ့ ကလေးလူနာတွေဆီက သွေး ရ လုံးကိုယူပြီး သူတို့မနက်ဖြန်ပို့မယ်လို့တော့ ကျွန်တော့်ကို ပြောသွားတယ်။ သူတို့ဆီမှာတော့ ဒီနေ့ ပါသွားတယ်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။
ကလေးအများစု ဖျားနာနေခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဇန်နဝါရီလ ၂၈ ရက်နေ့က ကွင်းဆင်း စုံစမ်းစစ်ဆေးချက်အရ ဝက်သက်ရောဂါဟု ယူဆ၇ကြောင်း ဒေါက်တာစိုးဝင်းပိုင် က ဆက်ပြောသည်။
”၂၇ ရက်နေ့မှာပဲ ကျောက်ဖြူ ဆေးရုံကနေသတင်းရတယ်။ သုံးယောက် အဖျားတက်တယ် ဆိုပြီးတော့လေ။ အဲဒီက ဘာသတင်းရလဲဆိုရင် အဖျားပေါ့။ ဖျားပြီးတော့ အနီစက်တွေ ထွက်တယ်။ ကျွန်တော်တို့က ဝက်သက်ရောဂါလို့ သံသယဖြစ်တယ်။ကျွန်တော်တို့ ကွင်းဆင်း စစ်ဆေးတော့ ကျောက်ဖြူဆေးရုံမှာ ကုသမှုခံယူနေတဲ့ ကလေးနဲ့ ရောဂါလက္ခာဏာ ဆင်တူတဲ့ ကလေး ၂၉ ယောက်တွေ့တယ်။ အနီကွက်ပေါ်တယ်ဆိုတာမှာ ရောဂါဖြစ်လို့ ပေါ်တာရှိတယ်။ ရောဂါပြီး သွားတဲ့အချိန်မှာထွက်တဲ့ Recovery Red အနီကွက် ဆိုတာ ရှိတယ်။ ဝက်သက် ရောဂါမှာ ထူးခြားတဲ့အချက်က အနီကွက် ထွက်တယ်။အဲတော့ ကျွန်တော်တို့မှာ အားသာချက်က အဲဒီ အနီကွက်တွေကို ကျွန်တော်တို့ တွေ့ထားတယ်”ဟု ၄င်းက ပြောသည်။
ယခုကဲ့သို့ သလူမော်ကျေးရွာတွင် ကလေးငယ် ၇၀ ခန့် ဖျားနာပြီး အနီကွက်များ ထွက်ပေါ်လာသဖြင့် ကျေးရွာသားများ အနေဖြင့် အထူး စိုးရိမ်မှုများ ရှိနေကြောင်း သိ၇သည်။
------------------------------
Unicode:
နိရဉ်စရာ၊ဇနျနဝါရီ ၂၉ / ၂၀၂၀