မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ ဇန်နဝါရီ ၃၁/ ၂၀၂၀
ဆိုင်ကယ်မတော်တဆမှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော Rakhine United FC မှ တောင်ပန် ကစားသမား ကိုဇော်သိန်းဝင်း(၂၃ နှစ်)သည် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဟု အသင်း၏ပြန်ကြားရေးတာဝန်ခံ ကိုသက်ထူးနိုင်ဦးက နိရဥ္စရာသို့ အတည်ပြုပြောသည်။
"ညဉ့် ၁၂ နာရီခွဲလောက်က ဆုံးသွားတာပါ။ ဆရာဝန်တွေက Operation လုပ်ဖို့ဆိုပြီး စောင့်နေတုန်းမှာ Operation မလုပ်နိုင်ခဲ့ဘဲ ရုတ်တရက်ဖောက်လာပြီးတော့ ဆုံးသွားတယ်လို့ ပြောပါတယ်။"ဟု ကိုသက်ထူးနိုင်ဦးက ပြောသည်။
ဒဏ်ရာပြင်းထန်မှုကြောင့် ကိုဇော်သိန်းဝင်းအား ဇန်နဝါရီလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီက စစ်တွေဆေးရုံမှတဆင့် ရန်ကုန်သို့ လေယာဉ်စင်းလုံးငှားဖြင့်ပို့ဆောင်လိုက်ပြီးနောက် ပြီးခဲ့သည့် ညဉ့် ၁၂ နာရီခွဲက ကွယ်လွန်သွားခြင်းဖြစ်သည်။
ကိုဇော်သိန်းဝင်းသည် ၇ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ဇာတိဖြစ်ပြီး ၂၀၁၅ ခုနှစ်ဘောလုံးရာသီတွင် Rakhine United FC ၌ စတင် ကစားခဲ့သူဖြစ်သည်။
"သူ့အလောင်းကို ကျောက်ဖြူကိုပဲ သယ်မလား၊ ရန်ကုန်မှာပဲ သင်္ဂြိုဟ်မလားဆိုတာတော့ အတိအကျမသိရသေးပါဘူး။"ဟု ကိုသက်ထူးနိုင်ဦးက ဆက်ပြောသည်။
ကိုဇော်သိန်းဝင်းသည် အမျိုးသမီးငယ်တစ်ဦးနှင့်အတူ ဇန်နဝါရီလ ၂၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်ရှိ (BMG)သောက်ရေသန့် စက်ရုံအနီးလမ်းတွင် ဆိုင်ကယ်မတော်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် အမျိုးသမီးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး ကိုဇော်သိန်းဝင်းတွင်လည်း ဦးခေါင်းနောက်စေ့ပွင့်ထွက်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်သည်။
၎င်းမတော်တဆဖြစ်ပွားပြီး ၅ ရက်အကြာတွင် ကိုဇော်သိန်းဝင်း ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
-----------------------------------
Unicode: