စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

အစိုးရမှ ကျပ် ၁ ဒသမ ၈ဘီလီယံ အကုန်ကျခံ၍ မြို့နယ်(၆)ခုတွင်ဆောက်လုပ်ပေးသည့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူမရှိဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 6.7k

ချစ်အိလှိုင်
နိရဥ္စရာ၊ ဇန်နဝါရီ ၃၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်မှ မြို့နယ် (၆) ခုတွင် အစိုးရမှ ကျပ် ၁ ဒသမ ၈ဘီလီယံ အကုန်ကျခံ၍ ဆောက်လုပ်ပေးသည့် ကယ်ဆယ်ရေးစခန်းများတွင် စစ်ဘေးရှောင်များ နေထိုင်ခြင်း မရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်များတွင် စစ်ဘေးရှောင်များအတွက် ရည်ရွယ်၍ ကယ်ဆယ်ရေး စခန်းများ ဆောက်လုပ် ပေးထားခြင်းဖြစ်သည်။

အစိုးရက တည်ဆောက်ပေးထားသည့်ကယ်ဆယ်ရေးစခန်းများသည် လူနေကျေးရွာများနှင့် အလှမ်းဝေးကွာပြီး သွားရေးလာရေး ခက်ခဲသည့်အတွက် စစ်ဘေးရှောင်အများစုမှာ ယင်းစခန်းများ အတွင်း နေလိုစိတ်မရှိဖြစ်နေကြခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။
 
“မနေချင်လို့မဟုတ်ပါဘူး။ သူတို့ချပေးတဲ့နေရာက အခုလက်ရှိခိုလှုံနေကြတဲ့ နေရာနဲ့ သိပ်ဝေး ပါတယ်။ ကလေးတွေက ဒီမှာ ကျောင်းတက် နေကြတာပါ။ အခုပြောင်းလိုက်လို့ အဆင် မပြေပါဘူး။ သူတို့စာမေးပွဲတွေဖြေပြီးတဲ့အချိန်ဆိုရင် ပြောင်းချင်ပြောင်းကြမှာပါ”ဟု ကျောက်တော်မြို့နယ် ယာယီ ဝါးတောင်ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူ မြိုတိုင်းရင်းသူ မလှဝင်းက ပြောသည်။

မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝေလှအောင်က “သူတို့ချပေးတဲ့ နေရာက မြောက်ဦးမြို့က လေယာဉ်ကွင်းမှာဆိုတော့ ရွာနဲ့ သိပ်ဝေးလို့ပါ။ ဘယ်သူမှ သွားမနေချင်ကြဘူး။ ကလေးတွေအတွက် ကျောင်းနဲ့လည်း ဝေးတယ်။ ဆေးရုံဆေးခန်းနဲ့လည်း ဝေးတယ်။ တိမ်ညိုမှာဆိုရင် အထက်တန်းကျောင်းရှိတယ်။ တိုက်နယ်ဆေးရုံရှိတယ်။ စျေးရှိတယ်။ သူတို့ရွာနဲ့လည်း နီးတယ်။ လုပ်ကိုင်စားသောက်နေတဲ့ လယ်နဲ့လည်း နီးတော့ ဟို အဝေးကြီးမှာ ဘယ်သူမှ မနေချင်ကြဘူး။ လူတွေက မဖြစ်သာလို့သာ နေကြရတာ။  တတ်နိုင်ရင် ကိုယ့်အိမ်မှာပဲ နေချင်ကြတာဆိုတော့လေ” ဟု ပြောသည်။

ဘူးသီးတောင်မြို့တွင်လည်း မြို့နှင့် ၄မိုင်အကွာ မြောင်းနားကျေးရွာအုပ်စု ဘင်္ဂလီရွာဘေးနားတွင် ဆောက်လုပ်နေကြောင်းကြားသိရသော်လည်း စစ်ဘေးရှောင်များ စိတ်မဝင်စားကြောင်း ၊ မနေလိုကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။

”ဘယ်နေမလဲ။ သူတို့ချပေးမဲ့နေရာမှာ နေစရာလား။ လူတွေကို ကြက်လို၊  ငှက်လို လှောင်ထားမယ်ဆိုတဲ့ စိတ်ကူးနဲ့ဆောက်ပေးကြတာ။ ကယ်ဆယ်ရေးစခန်းနှစ်ခုရှိတယ်။  ဘူးသီးတောင်မှာ ဘယ်စခန်းကလူမှ သူတို့ချပေးတဲ့ဟာနေဖို့ စာရင်းမပေးထားဘူး” ဟုပြောသည်။

စခန်းများတည်ဆောက်စဉ်က ကယ်ဆယ်ရေးစခန်းများအတွင်း နေထိုင်မည်ဟု စာရင်း ပေးထားခဲ့ကြသော်လည်း လက်ရှိ စခန်းတည်ဆောက်ပြီးစီးချိန်တွင် ယခင်က စာရင်းပေးသူများက စခန်းများအတွင်း မနေလိုတော့ကြောင်း ပြောဆိုလာသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က နိရဥ္စရာသတင်းဌာနကိုပြောသည်။

“နေစရာ အခက်ခဲဖြစ်တယ်ဆိုလို့ ဆောက်ပေးတာပါ။ အခုဆောက်ပြီးလို့ နေလိုရပြီဆိုတဲ့အခါမှ မနေလိုတော့ဘူးဆိုပြီး ပြောလာကြပါတယ်။ ဘာလို့ မနေတာလဲဆိုတာတော့ မသိဘူး။ အိမ်တွေကတော့ မဆုံးရှုံးသွားပါဘူး။ မနေရင်လည်း ဒီတိုင်းထားမှာပါ။ နေချင်လာတဲ့အခါ တင်ပြတောင်းဆိုရင် နေခွင့်ပေးမှာပါ”ဟု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

မြို့နယ်တွင် တစ်ခုစီတွင် လူဦးရေ ၈ဝဝ ကျော်နေနိုင်မည့် အဆိုပါ ကယ်ဆယ်ရေး စခန်းများကို ကျပ် ၁ ဒသမ ၈ ဘီလီယံအကုန်အကျခံကာ ၂ဝ၁၉ ခုနှစ်၊ ဇွန်လခန့်မှ စတင်ကာ အစိုးရက တည်ဆောက်ပေးထားသည်ဟု သိရသည်။

----------------------------

Unicode:

 
နိရဉ်စရာ၊ ဇနျနဝါရီ ၃၁/၂ဝ၂ဝ



 

















ဆက်စပ် သတင်းများ