ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၇ / ၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရှုခင်းသာလမ်းတွင် ဆိုင်ကယ်မတော်တဆ ဖြစ်၍ ဟိန္ဒူအမျိုးငယ်သမီး တစ်ဦး ပွဲချင်းပြီးသေဆုံးသွားကာ ဆိုင်ကယ်မောင်းသူအမျိုးသားမှာ ဒဏ်ရာပြင်းထန်ပြီး ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။
သေဆုံးသူမှာ စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်နေ ဟိန္ဒူအမျိုးသမီးငယ် မဆိုနီး(၁၄ နှစ်)နှင့် ဒဏ်ရာအပြင်းအထန်ရရှိသူမှာ မောင်အာဂျီး(၁၈ နှစ်)တို့ဖြစ်ကြသည်။
၄င်းတို့နှစ်ဦးမှာ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေ ၃ နာရီ ခွဲခန့်တွင် ရှုခင်းသာလမ်း၌ ဆိုင်ကယ်ဖြင့် သွားလာစဉ် ဘီးချော်၍ ပလက်ဖောင်းကို ကျော်ကာ လမ်းဘေးပန်းအလှ စိုက်ထားသည့် အုတ်နံရံအားတိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် မဆိုနီးမှာ လည်ပင်းကျိုးဒဏ်ရာဖြင့် အခင်းဖြစ်သည့်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မောင်အာဂျီးမှာ ဦးခေါင်းနောက်စေ့ပွင့်ထွက်သွားပြီး စစ်တွေပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာအဖြစ်(စိုးရိမ်ရ) ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“ဆိုင်ကယ်တိုက်တယ်ဆိုပြီး အိမ်က သတင်းပေးလာလို့ လိုက်လာတာပါ။ ကောင်မလေးနဲ့ ကျွန်တော့်သားက ချစ်သူတွေပါ။ ဆိုင်ကယ်နဲ့ ရှုခင်းသာဘက်ကို သွားကြတာ ထင်ပါတယ်။ အခု ကျွန်တော့်သား အခြေနေက ဦးခေါင်းနောက်စေ့ပွင့်သွားပါတယ်။ ကောင်မလေးကိုတော့ သေသွားပြီ ဖြစ်လို့ ခွဲရုံပို့ထားပါတယ်”ဟု မောင်အာဂျီး၏ ဖခင်ဖြစ်သူ ဦးမောင်လှသိန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ယာဉ်တိုက်မှု ဖြစ်ပွားသည်မှာ ဟုတ်မှန်ပြီး ဖြစ်စဉ်အား အမှုဖွင့် ဆောင်ရွက်နေကြောင်း ပြောသည်။
စစ်တွေမြို့ ရှုခင်းသာလမ်းသည် အများပြည်သူအပန်းဖြေသွားလာတတ်သည့် လမ်းတစ်ခုဖြစ်ပြီး အဆိုပါလမ်းတွင် ယာဉ်မတော်တဆမှုဖြစ်၍ သေဆုံး၊ ဒဏ်ရာရမှုများ မကြာခဏ ဖြစ်ပွား နေကြောင်းလည်း သိ၇သည်။
ယခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့က Rakhine United FC မှ ဘောလုံးသမား ကိုဇော်သိန်းဝင်းနှင့် အမျိုးသမီးငယ်တစ်ဦးသည် ဆိုင်ကယ် အတူသွားနေစဉ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ (BMG) သောက်ရေသန့် စက်ရုံအနီးလမ်းတွင် မတော်တဆဖြစ်ပြီး နှစ်ဦးစလုံးသေဆုံးခဲ့ရသည်။
၇ခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ်တွင် ယာဉ်တိုက်မူ ၃ရ၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၄၄ ဦးရှိကာ ဒဏ်ရာရရှိသူ ၄၆၅ ဦး ရှိကြောင်း၊ ထိုအထဲတွင် မော်တော်ဆိုင်ကယ် တိုက်မှုမှာ အများဆုံးဖြစ်ကြောင်း သိ၇သည်။
နိရဉ်စရာ၊ ဖဖျောဝါရီ ၇ / ၂၀၂၀