ရမ်းဗြဲ NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိဟု AA ဆို
သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၉/ ၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းအား ဖမ်းဆီးခေါ်ဆောင်ထားခြင်းမရှိဟု ရက္ခိုင့်တပ်တော်(AA)က ငြင်းဆိုလိုက်သည်။
“သေချာတာကတော့ ဦးဇေယျာမင်းကို ကျနော်တို့ဘက်က ထိန်းသိမ်းထားတာ လုံးဝမဟုတ်ဘူး။ ကျနော်တို့လည်း အောက်ခြေကို မေးကြည့်ပြီးပြီ။ ကျနော်တို့ဘက်က အဲလိုထိန်းသိမ်းတဲ့ ဖြစ်စဉ်မျိုးမရှိဘူး”ဟု AA ၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဦးဇေယျာမင်းအား ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရမ်းဗြဲမြို့နယ် သနပ်ကုန်း ကျောက်ဆောင်ကျေးရွာ၌ AA တပ်ဖွဲ့ဝင် ၈ ဦးက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က စွပ်စွဲ ပြောဆိုခြင်းနှင့်ပတ်သက်ပြီး AA က ထိုသို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
“လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်ဆိုတိုင်း လက်နက်ကိုင်ထားတိုင်း အေအေ လို့ပြောလို့တော့ မရဘူး။ အခု မြန်မာစစ်တပ်တွေက ရခိုင်ပြည်နေရာအနှံ့မှာ အရပ်ဝတ်တွေနဲ့သွားနေတဲ့ ဥစ္စာအများကြီးရှိတယ်” ဟု ဦးခိုင်သုခက ပြောသည်။
မြန်မာ့စစ်တပ်ဘက်က စစ်ဘက်ထောက်လှမ်းရေးများကလည်း အရပ်ဘက်တွင် အများကြီး ရှိနေကြောင်း၊ ရခိုင်ပြည်သူတွေကြားထဲတွင် ထင်ယောင်ထင်မှား ဖြစ်အောင် မြန်မာ စစ်တပ်ဘက်က ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အခြားတစ်ဘက်တွင် လက်ရှိ NLD အစိုးရနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြားတွင် ပိုပြီးတင်းမာမှုဖြစ်လာစေရန် မြန်မာ စစ်တပ်ဘက်က ဖန်တီးခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း အေအေ ပြောခွင့်ရ ဦးခိုင်သုခ ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခြင်းရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း တို့အား နိရဥ္စရာသတင်းဌာနမှ ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် တပ်ဘက်က တုံ့ပြန်မှုအား တင်ပြပေးနိုင်ခြင်း မရှိသေးပါ။
-----------------------------------
Unicode: