Preview

မောင်တောတွင် မူးယစ်ဆေးသယ်ဆောင်လာသူနှစ်ဦးအား ပစ်ခတ်ဖမ်းဆီး၍ တစ်ဦးသေဟုဆို

ဖေဖော်ဝါရီ ၁၂/ ၂၀၂၀ | ကြည့်ရှုသူ :8062
မှုခင်း သတင်း

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၉/၂၀၂၀

ရခိုင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့ဝင်ဂိတ်တွင် ကျပ်သိန်းပေါင်း တစ်သောင်း ရှစ်ထောင်ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးသယ်ဆောင်လာသူနှစ်ဦးအား ပစ်ခတ်ဖမ်းဆီး၍ တစ်ဦး သေပြီး တစ်ဦးလွတ်မြောက်သွားကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။

"တစ်ယောက်ကတော့ သေသွားတယ်။ နောက်တစ်ယောက်ကိုတော့ မမိသေးဘူး။ လိုက်စုံစမ်း နေတုန်းဗျ။ ထွက်ပြေးသွားတယ်။"ဟု ဦးစိုးအောင်က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နံနက် ၁၀ နာရီခန့်က သုံးမိုင်ဘက်မှ မောင်တောမြို့ထဲသို့ မောင်းနှင် လာသည့် လူ နှစ်ဦးပါကားတစ်စီးအား မြို့အဝင်ဂိတ်တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ အစစ်မခံဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက နောက်မှလိုက်ကာ ဖမ်းဆီးစဉ် ၄င်းတို့နှစ်ဦးမှာ မြို့မ ကညင်တန်း စတိလှကျေးရွာအနီးတွင် ကားပေါ်မှဆင်းပြေးသည့်အတွက် ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦး သေပြီး တစ်ဦးထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်ဟု မောင်တောမြို့မရဲစခန်းက အတည်ပြုပြောကြားသည်။

“ကားက ဂိတ်မှာ မရပ်ဘဲ အဲဒီဘက်ကို ထွက်ပြေးတယ်။ ထွက်ပြေးတော့ နောက်က လိုက်ကြတယ်။ အဲဒီနားက စတိလှဆိုတဲ့ရွာလေး သိပ်မဝေးဘူးဂိတ်နဲ့။ အဲဒီကိုဝင်ပြေးတယ်။ ကားကို ခြံတစ်ခြံနောက်မှာရပ်ပြီးတော့ ဆင်းပြေးကြတယ်နှစ်ယောက်။ ဒီက ပါသွားတဲ့ အဖွဲ့က ခြောက်လှန့်ပြီးတော့ ပစ်တဲ့အချိန်မှာ အသက် ၂၅ နှစ်အရွယ်လောက်ရှိတဲ့ တစ်ယောက်ကျတယ်။ ဘယ်သူတို့ဆိုတာ မသိရသေးဘူး”ဟု မြို့မရဲစခန်းမှ ဂတ်စာရေး ဦးဘလှက နိရဥ္စရာသို့ ပြောသည်။

၄င်းတို့နှစ်ဦးမောင်းနှင်လာသည့် ကားအားစစ်ဆေးရာ ကားပေါ်တွင်လည်း WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားအရေအတွက်ပေါင်း ၉ သိန်းကျော် (ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်)အား ဖမ်းဆီးရမိခဲ့သည်ဟုလည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ထွက်ပြေးသွားသူနှင့် ကွင်းဆက်တရားခံများအား ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိ၇သည်။

------------------------

Unicode:










--------------------------------


#မူးယစ်ဆေးဝါး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.