စစ်တွေတက္ကသိုလ်ဟောင်းခြံဝင်းအတွင်း မီးလောင်မှုမှာ ဆေးလိပ်မီးစွန့်ပစ်ရာမှဖြစ်ပွားခြင်းဟု မီးသတ်ထုတ်ပြန်


အောင်လင်းထွန်း
စစ်တွေ၊ ဖေဖော်ဝါရီ ၁ဝ / ၂ဝ၂ဝ

ရခိုင်ပြည်နယ် စစ်တွေမြို့လယ်ရှိ စစ်တွေတက္ကသိုလ်ဟောင်းဝင်းအတွင်းမီးလောင်မှုမှာ ဆေးလိပ် မီးစွန့်ပစ်ရာမှဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်ဦးစီးမှူးရုံးက ထုတ်ပြန်သည်။

စစ်တွေမြို့၊ မောလိပ်ရပ်ကွက်ရှိ ယခင် စစ်တွေတက္ကသိုလ်ဟောင်းခြံဝင်းအတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ညနေ ၄ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်ဟောင်းအနီးရှိ အမှိုက်ပုံအား လမ်းသွားလမ်းလာတစ်ဦးက ဆေးလိပ်မီးစွန့်ပစ်ရာမှ အမှိုက်ပုံလောင်ကျွမ်းကာ တက္ကသိုလ်ဟောင်းခြံဝင်းရှိ ဝေသာလီဆောင်နှင့် ပိုးဝါဆောင်တို့အား မီးကူးစက်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်ဦးစီးမှူးရုံးက ယင်းနေ့ ည ၁၁ နာရီခန့်တွင် သတင်းထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့် ကျောင်းဆောင်အဟောင်း(၂)လုံး (သွပ်မိုး၊ ဝါးထရံကာ၊ ကွန်ကရစ်ခင်း) မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိခဲ့ဟုလည်း မီးသတ်ဌာနက ဆိုထားသည်။

အသေးစိတ်သိရှိနိုင်ရန် စစ်တွေရှိ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးသို့ သွားရောက် မေးမြန်း ခဲ့သော်လည်း တာဝန်ရှိသူများအစည်းအဝေးလုပ်နေသည်ဟုဆိုသည့်အတွက် တွေ့ဆုံခွင့်မရရှိခဲ့ပါ။

အဆိုပါမီးလောင်မှုအား ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သန္ဓေတပ်ဖွဲ့ဝင်(၃+၃ဝ)ဦး၊ အရန်မီးသတ်တပ်ဝင်(၂ဝ)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၄)စီးနှင့် အုပ်ချုပ်မှု ယာဉ်(၁)စီး၊ ပေါင်း(၉)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး ညနေ ၆ နာရီခန့်တွင် မီးငြိမ်းသွားသည်ဟု သိရသည်။

------------------------------

Unicode:










Share: