ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်ကျ၍ ကျောင်းသား လေးဦး ဒဏ်ရာအပြင်းအထန်ရရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 2.9k

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီလ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာတွင် ယနေ့ညနေပိုင်းက လက်နက်ကြီး ကျည်ရောက်ပေါက်ကွဲမှုကြောင့် ကျောင်းသားလေးဦး ဒဏ်ရာအပြင်း အထန်ရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရသည့် ကျောင်းသားများမှာ မျောက်တောင်ကျေးရွာမှ ၅ တန်းကျောင်းသား မောင်ဝေယံစိုး (၁ဝ)နှစ်၊ ၁ဝ တန်းကျောင်းသားများဖြစ်သည့် မောင်ဦးသန်းဇော်(၁၈)နှစ်၊ မောင်ကိုကိုဟိန်း(၁၈) နှစ်နှင့် မောင်ပိုင်စိုး (၁၇)နှစ်တို့ ဖြစ်သည်။

၄င်းတို့သည် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က ကျေးရွာအနီး ကုလားတန် မြစ်ကမ်းနား၌ ဘောလုံးကစားနေစဉ် ၄င်းတို့အနီးသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မှုကြောင့် ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မျောက်တောင်ကျေးရွာသား ဦးလှမောင်သိန်းက “အခုနားက လက်နက်ကြီးကျည်ကျလို့ ကလေး လေးယောက် အပြင်းအထန်ဒဏ်ရာရသွားတယ်။ တစ်ယောက်မှာ လက် ပြတ်ထွက်သွားတယ်။ အဲဒီပြတ်ထွက်သွားတဲ့လက်ကို အခုချိန်ထိ ရှာမတွေ့သေးဘူး။ မနက်ကတည်းက တပ်မကနေ လှမ်းပစ်နေတာ။ အခု ကလေးတွေ ဒဏ်ရာရလို့ ဒုက္ခရောက်နေကြပြီ”ဟု နိရဥ္စရာသတင်းဌာနကို ပြောသည်။

ယခုဖြစ်စဉ်ကြောင့် မောင်ကိုကိုဟိန်း၏ ဘယ်ဘက်လက် ပြတ်ထွက်သွားပြီး ကျန်သုံးဦးတွင်လည်း ဒဏ်ရာပြင်းထန်သောကြောင့် ၄င်းတို့အားလုံးကို ကျောက်တော်ဆေးရုံသို့ ပို့ရန်စီစဉ်နေသည်ဟု သိရသည်။

ကျောက်တော်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က “ကလေးတွေ မြစ်နားမှာ ဘောလုံးကန်နေတုန်း လက်နက်ကြီးကျည်လာကျလို့ ကလေး လေးယောက် ဒဏ်ရာရတယ်။ တစ်ယောက်က လက်ပြတ်သွားတယ်။ တခြားသူတွေလည်း ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ကြားရတယ်”ဟု နိရဥ္စရာသတင်းဌာနကိုပြောသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး   ဝင်းဇော်ဦးကို နိရဥ္စရာသတင်းဌာက ဆက်သွယ်ခဲ့ရာ လူကြီးများနှင့် တွေ့ဆုံနေသောကြောင့် မအားသေးဟု တပည့်ဖြစ်သူက ပြောသည်။

မျောက်တောင်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကလည်း နေအိမ်အတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မဆန်းဆန်းဌေး (၂၅)နှစ်၏ လည်ကုတ်တွင် ဒဏ်ရာပြင်းထန် ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှ ယခုအချိန်ထိ အရပ်သားများ ထိခိုက်ဒဏ်ရာရသူ ၄ဝဝ ကျော်နှင့် သေဆုံးသူ ၂ဝဝ ကျော်အထိရှိနေပြီဖြစ်ပြီး အရပ်သားများမထိခိုက်အောင် ရှောင်ရှားသင့်သည်ဟုလည်း ကျောက်တော်မြို့နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြောသည်။

-----------------------------

Unicode:



နိရဉ်စရာ၊ ဖဖျေောဝါရီလ ၁၁/၂ဝ၂ဝ













ဆက်စပ် သတင်းများ