ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ကျောက်တော် တင်းမကျေးရွာတွင် လက်နက်ကြီးကျ၍ ဘုန်းတော်ကြီးကျောင်းနှင့်နေအိမ် တစ်လုံးပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.6k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၁/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်တစ်လုံး ပျက်စီးသွားကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် ၈ နာရီခန့်က တင်းမကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၆ လုံးအထိကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါလက်နက်ကြီးများမှာ ရွာရှိ ဘုန်းတော်ကြီးကျောင်းအတွင်း နှစ်လုံး၊ ဘုန်းတော်ကြီး ကျောင်းအပြင်ဘက် ဝါးရုံတွင် တစ်လုံး၊ ဦးရွှေကျော်ဦး၏နေအိမ်ရှိ အုန်းပင်တွင်တစ်လုံးနှင့် ကျေးရွာအနီး ကုလားတန်မြစ်ကမ်းဘေးနားတွင် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

တင်းမရွာခံတစ်ဦးက “တင်းမရွာက ဦးရွှေကျော်ဦးဆိုတဲ့ လူနေအိမ်က အုန်းပင်မှာ တစ်လုံး ကျပါတယ်။ လူတော့ဒဏ်ရာမရဘူး။ အုန်းပင်မှာကျတဲ့အတွက်နဲ့ အိမ်က သွပ်ခေါင်မိုးမှာ အားလုံး ဇကာပေါက်ဖြစ်သွားပါတယ်။”ဟု ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဘုန်းတော်ကြီးကျောင်းတွင်လည်း ပျဉ်များပေါက်ပြဲပြီး ခေါင်မိုးများ ပွင့်ထွက်သွားကာ မှန်များလည်း ကွဲကြေသွားကြောင်း ရွာခံတစ်ဦးက ပြောသည်။

၄င်းက “ခပေါ်ရွာနားက ပစ်နေတာပါ။ ပြောရမယ်ဆိုရင် တောင်ရှည်တောင် အောက်ပိုင်းကို စစ်တပ်က အပိုင်စီးထားတယ်။ အထက်ပိုင်းကို အေအေက အပိုင်စီးထားတယ်။ ဆိုတော့ အောက်ပိုင်းကနေပစ်လိုက်တဲ့အခါ တင်းမဘက်ကိုကျတယ်။ ပြောရမယ်ဆိုရင် ပစ်တဲ့နေရာက တင်းမရွာကို မျက်နှာမူရင် တောင်ရှည်တောင်က ဘယ်ဘက်ကို နည်းနည်းစောင်းပြီးကျတယ်။ အဲဒီက ပစ်တဲ့ လက်နက်ကြီးကျည်က ဘယ်လို ကျနော်တို့ရွာဘက်ကို ကျတယ်ဆိုတာ မပြောတတ်ဘူး”ဟု ပြောသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းနှင့်ပတ်သက်ပြီး တင်းမကျောင်းထိုင်ဆရာတော်ထံသို့ နိရဥ္စရာသတင်းဌာနက ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်နေသဖြင့် ဆက်သွယ်မှုမရ ရှိခဲ့ပါ။

တင်းမကျေးရွာက အမျိုးသမီးတစ်ဦးက“ဆရာတော်က ဆေးရုံဘက်ကို ပြေးနေရတယ်။ နေဗီဘက် ကနေပစ်လို့ အိမ်ခေါင်မိုးတွေမှာကျလို့ ပေါက်သွားပါတယ်။ လက်နက်ကြီးက တိုက်ပွဲဖြစ်နေတဲ့ ဘက်ကနေ လာတာမဟုတ်ပါ။ ခပေါ်ရွာဘက်ကနေ နေဗီက ရမ်းသန်းပစ်ခတ်လို့ကျလာတာပါ။ ကျမတို့အိမ်နားက အိမ်မှာ လက်နက်ကြီးကျည်ကျလို့ ကြောက်လို့ မွန်ထောင့်ရွာက အမေ့အိမ်ကို ပြေးလာတာပါ။ ကျမက တင်းမမှာနေပါတယ်။ သားလေးတစ်ယောက်ရှိတယ်။ သားလေးနဲ့ ပြေးလာကြတာပါ”ဟု ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးထံသို့ ယနေ့ ညနေပိုင်းက နိရဥ္စရာသတင်းဌာနမှာ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ၄င်း၏တပည့်ဆိုသူက “အဘ လူကြီးများနှင့် စကားပြောနေသည်”ဟု ပြန်လည် ဖြေကြား သွားသည်။

ရခိုင်ပြည်နယ်အတွင်း ဒုတိယအကြိမ် အင်တာနက်လိုင်းပိတ်လိုက်ပြီးနောက် ကျောက်တော်မြို့နယ် အတွင်း ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ပြီး ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ တိုက်ပွဲ ၆ ရက်တိုင်တိုင် ဆက်တိုက်ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

ဓာတ်ပုံ - ကုလားတန်မြစ်ကြောင်းတစ်နေရာအား တွေ့ရစဉ်။

----------------------------

Unicode:
















ဆက်စပ် သတင်းများ