မြောက်ဦးမြို့ပေါ်တွင် စစ်ဆေးမှုများရှိနေ၍ ဒေသခံများ အခက်တွေ့နေဟုဆို


ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/ ၂ဝ၂ဝ

ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်တွင် လမ်းသွားလမ်းလာများအား စစ်ဆေးမှုများရှိနေ၍ ဒေသခံများ အခက်တွေ့နေကြသည်ဟု သိရသည်။

မြောက်ဦးမြို့ရှိ မြို့မစျေးအဝင် ဗန္ဓုလတံတားမှ စျေးသို့ ဖြတ်သွားသူများနှင့် မြောက်ဦးမြို့အဝင်အထွက်တို့တွင် လမ်းသွားလမ်းလာများအား ဇန်နဝါရီလ နောက်ဆုံးပတ်မှစတင်ကာ ယခုချိန်ထိ စစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အသွားအပြန် နေ့တိုင်းစစ်ဆေးပါတယ်။ နယ်တွေကို သုံးဘီးတွေနဲ့ ဆန်လာရောင်းရင်လည်း ဘယ်သွားတာ၊ ဘာလာလုပ်တာ၊ ဘာရောင်းမလို့ သွားတာလဲ၊ ဘာညာမေးစစ်တယ်။ အဲဒီလိုပဲ ရောင်းစားဖို့ လာကြတဲ့ သူတွေဆိုလည်း အဆင်မပြေပါဘူး။ တချို့မြို့ကိုလာတဲ့သူတွေက မှတ်ပုံတင်တွေ မပါလာကြဘူးလေ။ မှတ်ပုံတင်စစ်တဲ့နေ့ဆိုရင် မှတ်ပုံတင်မပါလာကြရင် မသွားကြရပြန်ဘူး။ အဲလိုမျိုး အခက်အခဲတွေ ရှိပါတယ်။”ဟု မြောက်ဦးမြို့မှ ဒေါ်သန်းသန်းနွယ်က နိရဥ္စရာသို့ ပြောသည်။

စစ်ဆေးမှုအား ရဲ၊ စစ်တပ်နှင့် ယာဉ်ထိန်းရဲတို့ ပူးပေါင်း၍ စစ်ဆေးခြင်းဖြစ်ပြီး ယင်းသို့ စစ်ဆေးမှုကြောင့် လမ်းသွားလမ်းလာများ စိတ်အနှောင့်အယှက်ဖြစ်ကြရ၍ စစ်ဆေးမှုများပြုလုပ်နေသည့်လမ်းမှမသွားဘဲ အခြားတစ်လမ်းမှ ရှောင်ကွင်းသွားလာနေရကြောင်း ဒေသခံများက ပြောသည်။

“အစစ်အဆေးတွေ တစ်ရက်ထက်တစ်ရက် တော်တော်များလာပါတယ်။ မြောက်ဦးမှာဆိုပေမယ့် ကျွန်တော်တို့လည်း မြောက်ဦးမြို့ထဲမှာ ထွက်သွားနေတာပဲလေ။ အဲဒါကို ကျွန်တော်တို့ကို မှတ်ပုံတင်ပါလား မေးတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့က စျေးသွားတာလို့ ပြောတော့ စျေးသွားတာတို့ဘာတို့ နားမလည်ဘူး။ သွားတဲ့ နေရာတိုင်းမှာ မှတ်ပုံတင်ပါရမယ်ပြောပါတယ်။ မသိနားမလည်တဲ့ ကလေးတွေဆို ကြောက်နေကြပါပြီ။ ဘာပဲဖြစ်ဖြစ် စစ်သားမြင်ရင်တော့ ကြောက်ကြတာပဲလေ။” ဟု မြောက်ဦးမြို့မှ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

စစ်ဆေးမှုမှာ အချိန်အတိကျမရှိဘဲ နေ့ညမရွေး စစ်ဆေးပြီး စစ်ဆေးသည့်အခါလည်း ဆိုင်ကယ်၊ သုံးဘီးများ၊ မှတ်ပုံတင်၊ လက်ကိုင်ဖုန်းနှင့် လူတစ်ဦးချင်းစီ၏ အထုပ်အပိုးများအား ဖွင့်ဖောက်ရှာဖွေစစ်ဆေးကြောင်း သိရသည်။

မြောက်ဦးမြို့မှ သုံးဘီးဆိုင်ကယ်မောင်းသူ ကိုအောင်နိုင်က “အဝင်လည်း စစ်တယ်။ အထွက်လည်း စစ်တယ်။ စျေးသွားတဲ့သူတွေကိုလည်း စစ်ဆေးပါတယ်။ လူတွေကို မေးတယ်ပေါ့နော်။ ဘယ်သွားမလဲ။ ဘယ်ကလာတာလဲ။ အဲဒီလိုပေါ့။ မှတ်ပုံတင်ကျတော့ မြို့အဝင်၊ အထွက်၊ ရန်ကုန်-စစ်တွေ အဝေးပြေးကားလမ်းဘက်တွေမှာ စစ်ပါတယ်။ တစ်ခါတလေ ဖုန်းတွေကိုလည်း စစ်ပါတယ်။”ဟု နိရဥ္စရာသို့ ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း “စစ်ဆေးတာက ဟုတ်ပါတယ်။ လက်နက်ကိုင်ဆိုတော့ သူတို့တွေကလည်း ကြောက်ကြတယ်ပေါ့နော်။ ကြောက်တဲ့အတွက် စျေးသွားပြီး မဝယ်ရဲကြဘူး။ လမ်းကို ဖြတ်ပြီး မသွားရဲ မလာရဲတာတွေ ဖြစ်နေကြပါတယ်။”ဟု ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ရဲတပ်ဖွဲ့နှင့် တပ်မတော်ဘက်သို့ နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

==============================

Unicode -


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၂/ ၂ဝ၂ဝ










Share: