သန့်မြတ်ခိုင်၊ ချစ်အိလှိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၂/၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ကျေးရွာမှ လက်နက်ကြီးကျည်ကျပြီး ဒဏ်ရာရရှိခဲ့သည့် ကျောင်းသား ၄ ဦးထဲမှ ၂ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်မှ စစ်တွေဆေးရုံသို့ ယူဆောင်လာခဲ့ရာ ယနေ့ နံနက် ၁၁ နာရီခွဲခန့်က ရောက်ရှိ လာကြောင်း သတင်းရရှိသည်။
ဆေးကုသမှုခံယူရန် စစ်တွေဆေးရုံသို့ ယူဆောင်လာရသူ ကျောင်းသား နှစ်ဦးမှာ မျောက်တောင် ကျေးရွာရှိ အလင်းရောင် စာဖတ်ဝိုင်းတွင် တက်ရောက် သင်ကြားနေသူ ဆယ်တန်းကျောင်းသား မောင်ကိုကိုဟိန်း (၁၈)နှစ် နှင့် မောင်ဦးသန်းဇော် (၁၈) နှစ် တို့ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲခန့်က ကျေးရွာအနီး ကုလာတန်မြစ်ကမ်းဘေး တစ်နေရာတွင် ဘောလုံးကစားပြီး ရေးချိုးရန် ပြင်နေစဉ် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့ကြခြင်း ဖြစ်သည်။
မောင်ကိုကိုဟိန်၏ အဖွားဖြစ်သူ ဒေါ်သန္တာဖြူက “ ဒီလိုဖြစ်သွားလို့ ရင်နာတယ်။ တစ်ယောက်က လက်ပိုင်းသွားပါတယ်။ ဆယ်တန်းကျောင်းသားပါ ၂ ယောက်လုံး။ လက်ပိုင်းသွားတဲ့ တစ်ယောက်က ဘယ်ဘက်လက်နဲ့ စာရေးတယ်။ အခုဘယ်ဘက်လက် ပြတ်ထွက်သွားတယ်။ ဘယ်လက်နဲ့ စာမေးပွဲဖြေတော့မလဲ။ ဖောင်လည်း တင်ထားပါတယ်။ ကိုကိုဟိန်းဆိုတဲ့ ကလေးပါ” ဟု မီဒီယာများသို့ ပြောသည်။
လက်နက်ကြီးကျည်မှာ မည်သည့်ဘက်မှ ပစ်ခတ်သည်ကို မသိသော်လည်း တပ်မဘက်မှ ပစ်သည်ဟု အများက ပြောကြကြောင်း ဒေါ်သန္တာဖြူက ပြောသည်။
“တပ်မဘက်ကတော့ သူတို့အမြဲတမ်းပစ်နေတာပါ။ တိုက်ပွဲကျတာက တစ်နေရာ။ တိုက်ပွဲကျတဲ့ နေရာက ဝေးတယ်။ တိုက်ပွဲကျတာက တင်းမဘက်မှာ ကျတာ။ ကျမတို့က မျောက်တောင် ဘက်မှာပါ။ အဲဒီလက်နက်ကြီးက သက်သက် လှမ်းပစ်နေကြတာ” ဟု သူမက ဆက်ပြောသည်။
ထိုသို့ဖြစ်သွားသည့်အတွက် လက်ဆိုင်ရာအဖွဲ့အစည်းမှ ကောင်းရာကောင်းကြောင်း တစ်ခုခု လုပ်ပေးစေချင်ကြောင်း၊ ဒဏ်ရာရရှိသွားသူ ၄ ဦးထဲမှ အသက်ကြီးဆုံး မောင်ဦးသန်းဇော်ဆိုသူမှာ ဒဏ်ရာအများဆုံးဖြစ်ကြောင်း၊ တစ်ကိုယ်လုံးတွင်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
“ကျနော့်သားက ဘောလုံး ကန်ဖို့သွားတာ။ ၄ ယောက်ကန်နေတဲ့အချိန်မှာ လက်နက်ကြီးကျပြီး ဒဏ်ရာရတာပါ။ သူတို့ပြောတာက ရေနားစပ်မှာလို့ပြောပါတယ်။ ကျနော့်သားမှာက ခန္ဓာ တစ်ခုလုံးမှာ ၊ နောက်တစ်ယောက်မှာက လက်ပိုင်းသွားတယ်။ နောက်တစ်ယောက်မှာ နားထင်တွေမှာ ထိတယ်။ သူ့မှာတော့ သိပ်မများဘူး။ ဆိုတော့ နောက်တစ်ယောက်မှာက ခြေထောက်မှာ ထိပါတယ်။ ၂ ဖက်လုံးမှာ ထိပါတယ်” ဟု မောင်ဦးသန်းဇော် ဖခင် ဦးမောင်လှမြင့်က ပြောသည်။
ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကြီးသို့ ယနေ့ နံနက် ၅ နာရီခွဲကထွက်လာခဲ့သော်လည်း ဂိတ်တိုင်းတွင် စစ်ဆေးခံနေ၇သဖြင့် လမ်းတွင် ၅ နာရီခန့်ကြားပြီးမှ စစ်တွေဆေးရုံသို့ ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း လူနာများ၏ မိသားစုများက ပြောသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မျောက်တောင်ကျေးရွာမှ ဒဏ်ရာရရှိသွားသည့် ကျောင်းသားများမှာ မျောက်တောင်ကျေးရွာမှ ၅ တန်းကျောင်းသား မောင်ဝေယံစိုး ၊ ၁၀ တန်း ကျောင်းသားများဖြစ်သည့် မောင်ဦးသန်းဇော်၊ မောင်ကိုကိုဟိန်းနှင့် မောင်ပိုင်စိုး တို့ ဖြစ်သည်။
မောင်ဝေယံစိုးနှင့် မောင်ပိုင်စိုးတို့မှာ မစိုးရိမ်ရဒဏ်ရာဖြင့် လက်ရှိ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိ၇သည်။
-------------------------------
Unicode: