တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် နေအိမ်တစ်လုံး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မူဆလင်ရွာသား ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.6k

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် နေအိမ်တစ်လုံးအား လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် မူဆလင် ၃ ဦးသေ ၂ ဦးဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူများမှာ  ဒေါ်ဖာတေမာခါတူး(၄၇)နှစ်၊ မောင်ရှော်ရှီးဒူလာ(၁၇)နှစ်နှင့် မအာစ်မာဂျီဂျော်(၁)နှစ်တို့ ဖြစ်သည်။ ဒဏ်ရာ ရရှိသွားသူ ၂ ဦးမှာ မခေါ်လေမာခါတူး(၂၂)နှစ်နှင့် အဘူဆော်ဘီယန်(၁၅)နှစ်တို့ဖြစ်ကြောင်း သိရသည်။

ယနေ့ နေ့လယ် ၃ နာရီခန့်တွင် ရေချမ်းပြင်ကျေးရွာမှ ဆီရော်ဒိန်ဆိုသူ၏ နေအိမ်တွင် လက်နက်ကြီးကျည် တစ်လုံးကျရောက်ပေါက်ကွဲပြီး ယင်းနေအိမ်မှ မိသားစုဝင်များ ထိုကဲ့သို့ သေဆုံး ဒဏ်ရာ ရရှိမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာတာဝန်ခံ ဦးအဒူဆလင်က နိရဥ္စရာသို့ ပြောသည်။

“သူတို့ထမင်းစားနေတဲ့အချိန်မှာ လက်နက်ကြီးကျတယ်လို့ပြောပါတယ်။ လက်နက်ကြီးကျလို့ ၂ ယောက်က ပွဲချင်းပီး သေသွားတယ်။ မအာစ်မာဂျီဂျော် ကို ဘူးသီးတောင် ဆေးရုံကို ယူသွားတဲ့ အချိန်မှာ လမ်းပိုင်းမှာသေသွားတယ်။  ၂ ယောက်က ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့လူကို ရွာကလူကြီးတွေက ဆေးရုံကိုပို့ပါတယ် ” ဟု ဦးအဒူဆလင်က ပြောသည်။

သေဆုံးသွားသူများနှင့် ဒဏ်ရာ ရရှိသူများမှာ အားလုံး တစ်မိသားစုတည်းဖြစ်ကြောင်း ၊လက်နက်ကြီး ကျည်မှာ မည်သည့်ဘက်ကလာသည်ကို အတိအကျ မပြောနိုင်ကြောင်း၊ ပေါက်ကွဲသံကို ကြားရသည့်အတွက် မည်သည့်နေရာတွင်ကျသည်ကို မေးကြည့်သည့်အချိန်တွင် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲသည်ဟု သိရကြောင်း ၄င်းကျေးရွာတာဝန်ခံက ပြောသည်။

“တံတားဘက်က ပစ်တယ်လို့ပြောတယ်။  ကျနော်တို့ သရက်ပြင်နဲ့ လေးမြို့ကြားမှာတံတားတစ်ခု ရှိတယ်။ စိုင်းဒင်တံတားပါ။ အဲဒီဘက်မှာ နယ်ခြားစောင့်လည်းရှိတယ်။ တပ်ကလည်းရှိပါတယ်။ တစ်ချက်ပစ်တာ တစ်အိမ်မှာကျတယ်” ဟု ရေချမ်းပြင်ကျေးရွာ လူကြီးတစ်ဦးကပြောသည်။

နေအိမ်အပြင်ဘက်တွင်ရှိနေခြင်းမဟုတ်ဘဲ နေအိမ်အတွင်းထဲတွင်ရှိနေစဉ် ထိုသို့ လက်နက်ကြီးကျည် တစ်ချက်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး  ဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် ဒဏ်ရာရရှိသွားသူများအား ဘူးသီးတောင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရေချမ်းပြင်ကျေးရွာသားများက ပြောသည်။

------------------------------

Unicode:












ဆက်စပ် သတင်းများ