တောင်ကုတ်နှင့် မအီအကြားတွင် တပ်မတော်ယာဉ်တန်းမိုင်းဆွဲ တိုက်ခိုက်ခံရဟု ဒေသခံများ ပြောဆို


သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၃/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်- မအီမြို့အကြား ကားလမ်းပေါ်တွင် ယနေ့ နံနက်က တပ်မတော် ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောကြားသည်။

ယနေ့နံနက်က တောင်ကုတ်ဘက်မှ မအီဘက်သို့လာသည့်  ၅၄၄ တပ်ရင်းမှ ကားမိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဟု ကြားသိရကြောင်း၊ တပ်မတော်ယာဉ်တန်း တိုက်ခိုက်ခံရသည့်နေရာမှာ ဗဒါကျေးရွာ အရှေ့ တောင်ဘက် ၂ မိုင်ခန့်သာဝေးကြောင်း ဗဒါကျေးရွာအုပ်ချုပ်ရေးမှူး ဦး အုန်းမြင့်က ပြောသည်။

၄င်းက “ရန်ကုန်- ကျောက်ဖြူ ကားလမ်း တောင်ကုတ်နဲ့ မအီအကြား ၂၆ မိုင်၊ ၄ ဖာလုံနဲ့ ၅ ဖာလုံ လောက် ရှိမယ်ထင်တယ်။ အဲဒီနေရာမှာ မိုင်းပေါက်တာတော့ ဟုတ်တယ်။ မနက် ၇ နာရီ ၁၅ မိနစ်လောက်ရှိမယ်။ အဲဒီအချိန်ပေါက်တာ။ တစ်လုံးတည်းပေါက်သံကြားလိုက်တယ်” ဟု ပြောသည်။

လေဖားကျေးရွာတာဝန်ခံ ဦးစိုးလွင်သို့ ဆက်သွယ်ရာ ၎င်းက တောင်ကုတ်ဘက်မှ မအီဘက်သို့ လာသည့် တပ်မတော် စစ်ယာဉ်တန်းမှာ မအီမြို့ အနီးရှိ လေဖားကျေးရွာနှင့် တစ်မိုင်ခန့် အကွာတွင် ထိုသို့ မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ကြောင်း နိရဥ္စရာသို့ ပြောသည်။

“ကျနော်တို့ ဒီလေဖားကြားနဲ့ ရုံးကျေးရွာကြားမှာ မိုင်းတစ်လုံးတော့ ပေါက်သံကြားလိုက်ရပါတယ်။ ခန့်မှန်း ကျနော်တို့ရွာနဲ့ တစ်မိုင်နီးပါးလောက်ရှိမယ်။ ကျနော်က သွားပြီးတော့  မကြည့် ဖြစ်တဲ့ အတွက် အတိအကျတော့ မသိဘူး။ စစ်ကားသွားတဲ့အချိန်မှာ ပေါက်တာလို့ပြောတယ်” ဟု ဦးစိုးလွင်က ပြောသည်။

ပေါက်ကွဲသံကြားရပြီးနောက် ထိုနေရာအနီး လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း၊ လက်နက်ငယ်ပစ်သံ အချက် ၂ဝ ခန့်ထွက်ပေါ်ခဲ့ကြောင်း၊ ထိုပေါက်ကွဲမှုအတွင်း ထိခိုက်မှုရှိ/ မရှိကို မသိရှိရကြောင်း လေဖားကျေးရွာတာဝန်ခံက ပြောသည်။

တောင်ကုတ်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ် ကိုယ်စားလှယ် ဦးမင်းအောင်ထံသို့ နိရဥ္စရာ သတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ထိုပေါက်ကွဲမှု ဖြစ်စဉ်အား ဒေသခံများ၏ ပြောပြချက်အရ ကြားသိရကြောင်း ပြောကြားသည်။

တပ်မတော်စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသည့်အတွက်ကြောင့် ထိုပေါက်ကွဲသည့် နေရာ အနီးရှိ လမ်းပေါ် သွားလာနေကြသည့် ကားများအား  နာရီဝက်ခန့် ပိတ်ထားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည် ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ဒေသခံများကပြောသည်။

တပ်မတော်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်အား မေးမြန်း တင်ပြန်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် တောင်ကုတ်မြို့နယ် ရဲမှူး သန်းနိုင်ထံသို့ နိရဥ္စရာ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ရာ စခန်းမှူးထံသို့ ဆက်သွယ်မေးမြန်းပါဟု ပြန်လည်ဖြေကြားသွားသည်။

(ဓာတ်ပုံ- ဝေဖန် သူ facebook)

-------------------------------

Unicode:















Share: