ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၅/ ၂၀၂၀
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးငယ်များ ထိခိုက် ဒဏ်ရာရရှိမှုများရှိနေသည့် အပေါ် ရန်ကုန်အခြေစိုက် အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါသံရုံးတို့မှ စိုးရိမ်ကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့သည်။
အထူးသဖြင့် ယခုလ ၁၃ ရက် မြန်မာ့ကလေးများနေ့တွင် ဘူးသီးတောင်မြို့နယ် ခမွေချောင်း ကျေးရွာ မူလွန်ကျောင်းဆောင်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ကျောင်းသား ကျောင်းသူ ၂၁ ဦး ဒဏ်ရာရရှိသွားပြီးနောက် ကလေးငယ်များအတွက် စိုးရိမ်ကြောင်း သံရုံးများက သဘောထားထုတ်ပြန်လာကြခြင်း ဖြစ်သည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်ထဲတွင် “ ဖေဖော်ဝါရီ ၁၃ ရက်၊ မြန်မာ့ကလေးများနေ့တွင် ဘူးသီးတောင်ရှိ ကျောင်းတစ်ကျောင်းပေါ်သို့ လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိသူများတွက် များစွာကြေကွဲ ဝမ်းနည်းရပါကြောင်းနှင့် ယင်းအပြင် မကြာသေးမီ လများအတွင်း တိုးပွားလာသော ပဋိပက္ခများကြောင့် ပြည်သူများစွာ သေကျေ ၊ ဒဏ်ရာ ရရှိကြမှုများ အတွက် မိမိတို့များစွာစိတ်မကောင်း ဖြစ်ကြောင်း ပြောကြားလိုပါသည်။ ပြည်သူ အသိုက်အဝန်းများစွာ ရင်ဆိုင်ကြုံတွေ့နေရသည့် ဤသို့သော အတိဒုက္ခရောက်မှုများအတွက် မိမိတို့ စိတ်မကောင်းကြီးစွာ ဖြစ်ရပါသည်။ အမေရိကန် ပြည်ထောင်စုသည် ငြိမ်းချမ်းရေးကို ရှာဖွေနေသော သင်တို့နှင့် အတူ မိတ်ဘက်အဖြစ် ဆက်လက် ရပ်တည်နေပါသည်” ဟု ဖော်ပြပါရှိသည်။
ဗြိတိသျှ သံရုံးမှ ထုတ်ပြန်ချက်တွင် “ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု တိုးများလာတာဟာ ဒေသခံပြည်သူ အများစုအတွက် စိတ်ပျက်စရာများ ဖြစ်စေပါတယ်။ ဒီနေ့ ကလေးများနေ့မှာ စာသင်ကျောင်း တစ်ကျောင်းကို လက်နက်ကြီး ကျရောက်မှုနဲ့ မကြာသေးမီ ကာလက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ သေဆုံးမှု ဖြစ်ပွား တာတွေဟာ အပြစ်မဲ့ပြည်သူများ အပေါ် ထိခိုက်နစ်နာမှု ဖြစ်စေပါတယ်။ ဒါကြောင့် ယူကေ အစိုးရအနေဖြင့် ပဋိ၏ပက္ခဖြစ်ပွားမှုများမှာ နှစ်ဘက်စလုံးအား တိုက်ပွဲများ ရပ်ဆိုင်းပြီး ပြည်သူတွေကို အစွမ်းကုန်ကာကွယ်ပေးဖို့ တိုက်တွန်းထားပါတယ်။ ပြည်သူတွေ အနေနဲ့ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပိုမိုနားလည် သိရှိဖို့အတွက် ရခိုင်ပြည်နယ်အတွင်းရှိ အင်တာနက် ဖြတ်တောက်မှုများကို ရပ်တန့်ပေးရန် လိုအပ်ကြောင်း အစိုးရကို တိုက်တွန်း ထားပါတယ်။ ထိုကဲ့သို့ ရပ်တန့်ထားမှုတွေက အပြစ်မဲ့ပြည်သူတွေကို် ကာကွယ်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။” ဟု ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗြိတိသျှသံအမတ် ဒန်ချက်က ပြောဆိုကြောင်းဖြင့် ဖော်ပြသည်။
ကနေဒါ သံရုံးမှ ထုတ်ပြန်ချက်တွင် “ ၇ခိုင်ပြည်နယ်မှာ အချိန်ကြာမြင့်နေပြီးဖြစ်သော ပဋိပက္ခနှင့် ၄င်း၏ အရပ်သားများ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးများအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ကနေဒါနိုင်အနေနဲ့ များစွာ စိုးရိမ်ပူပန်မိပါသည်။ မြန်မာနိုင်ငံ ကလေးများနေ့တွင် ဘူးသီးတောင်မြို့နယ်မှာရှိ စာသင်ကျောင်းတစ်ကျောင်းအပေါ် လက်နက်ကြီး ကျရောက်မှု သတင်းသည် ထိုပဋိပက္ခ၏ လူသားများ အပေါ်ထိခိုက် နစ်နာစေမှုတွေကို ညွန်ပြနေသည့် ကြေကွဲဖွယ်ရာ ဥပမာ တစ်ခုဖြစ်ပါသည်။ အဆိုပါ ပဋိပက္ခကြောင့် ယမန်နစ် ဇန်နဝါရီလမှ စပြီး လူသိန်းနှင့်ချီနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီးဖြစ်ပါသည်။ ကနေဒါနိုင်ငံအနေဖြင့် ပဋိပက္ခတွင် ပါဝင် ပတ်သက်နေသည့် အဖွဲ့အစည်းများ အားလုံးကို တိုက်ပွဲများ ရပ်တန့်ရန် ထိန်းချုပ်ရန် မကျေနပ်မှု များကို အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးမှုများမှတစ်ဆင့် အဖြေရှာကြရန် အရပ်သားများနှင့် အရပ်သားများ၏ အခြေခံ အဆောက်အဦးများကို ကာကွယ်ပေးရန်နှင့် နိုင်ငံတကာ လူသားချင်း စာနာမှု ဥပဒေများကို လိုက်နာရန် တောင်းဆို လိုပါသည်။ မြန်မာနိုင်ငံအစိုးရကိုလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အင်တာနက်ပိတ်ဆို့ခံထားရသော မြို့နယ်များ အားလုံးကို အင်တာနက်ပြန်လည်ဖွင့်ပေးရန် တိုက်တွန်းလိုပါသည်။ ထိလွယ် ရှလွယ်သော နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန် လူသားချင်းစာနာမှုအကူအညီ ပေးနိုင်ရေးအတွက် အကန့်အသတ်မရှိ သွားလာခွင့်ပြုရန်လည်း မြန်မာနိုင်ငံအစိုးရကို ဆက်လက် တိုက်တွန်းလိုပါသည်” ဟု ဖော်ပြပါရှိသည်။
----------------------------
Unicode:
နိရဉ်စရာ၊ ဖဖျောဝါရီ ၁၅/ ၂၀၂၀