Preview

ကာချုပ်နှင့်တွေ့ခဲ့သည့် ရန်ကုန် ရခိုင်ဝန်ကြီး ပါတီဆုံးဖြတ်ချက်ကို လိုက်နာမည်ဟုဆို

ဖေဖော်ဝါရီ ၁၅/ ၂၀၂၀ | ကြည့်ရှုသူ :8022
ရခိုင် သတင်း

ချစ်အိလှိုင်
နိရဥ္စရာ ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၀

ပါတီအား အသိမပေး၊ ခွင့်မတောင်းဘဲ ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံခဲ့သည့် အတွက် ပါတီက စစ်ဆေးမေးမြန်းပါက ပါတီဆုံးဖြတ်ချက်ကို လိုက်နာရန်အသင့် ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။
 
“အဲဒါက ပါတီစည်းကမ်းတွေနဲ့ပတ်သက်လို့ လိုအပ်ရင် လိုအပ်သလို အရေးယူခံဖို့ သင့်ပါ။ အဲ ကိစ္စနဲ့ ပတ်သက်လို့ ဘာမှ မပြောချင်ပါ။ ကျနော်တို့ပါတီက ကျနော်တို့ကို တစ်ခုခု စုံစမ်း စစ်ဆေးဖို့ လုပ်ရင် ကျနော်က ခံယူဖို့အသင့်ပါ။ အဲဒါက ပါတီရဲ့ စည်းကမ်းပါ”  ဟု ဦးဇော်အေးမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
 
နေပြည်တော်ရှိ ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပါတီအားအသိမပေးပဲ သွားရောက် တွေ့ဆုံခဲ့သည့် အတွက် ဦးဇော်အေးမောင်အား ပါတီက ခေါ်ယူမေးမြန်း သွားမည်ဟု ပြောဆိုထားသည့် အပေါ် ဝန်ကြီးဇော်အေးမောင်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
 
ရခိုင်အမျိုးသားပါတီ(ANP)၏ မူဝါဒရေးရာဗဟို ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ကျနော်တို့ ပါတီဟာ နိုင်ငံရေး ပါတီဖြစ်ပါတယ်။ နိုင်ငံရေးပါတီဖြစ်တာနဲ့အမျှ ကျနော်တို့မှာ ပါတီစည်းမျည်း စည်းကမ်းဆိုတာရှိပါတယ်။ နောက်တစ်ခုက နိုင်ငံရေးပါတီဖြစ်တာနဲ့အညီ ပါတီဖွဲ့စည်းပုံမှာလည်း မည်သည့်ပါတီဝင်မဆို လိုက်နာရမည့် စည်းမျည်းစည်းကမ်းအပြည့်အစုံ ကျနော်တို့မှာပါပြီးသားပါ။ ဆိုတော့ CEC ဆုံးဖြတ်ချက်တွေလည်း ရှိတယ်။ မည်သည့် အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်နဲ့မဆို၊ အထူးသဖြင့် နိုင်ငံတော်အဆင့် နိုင်ငံတော်မှာ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ နောက်တစ်ခုက နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားပါတီများ တွေ့ဆုံမယ်ဆိုလို့ရှိရင် ဗဟိုကိုတင်ပြပြီးရင် CEC ဆုံးဖြတ်ချက်ကို ရယူရမယ်ဆိုတာ ကျနော်တို့မှာ ပါပါတယ်” ဟု ပြောသည်။
 
နိုင်ငံတော်အကြီးအကဲ တစ်ဦးဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခြင်းကို ပြောလိုခြင်း မဟုတ်ကြောင်း၊ သို့သော် ပါတီအားတစ်စုံတရာ တင်ပြခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးအမြင်နှင့် ထိုသို့ ပြုလုပ်ခြင်းသည် ပါတီစည်းမျည်းစည်းကမ်းအား ငြိစွန်းနေကြောင်း၊ ပါတီ၏ စည်းမျည်း စည်းကမ်းကို မိမိသဘောအလျှောက် ကျော်လွန်ရာကျကြောင်း ဦးထွန်းအောင်ကျော်က ဆက်ပြောသည်။

“ပါတီစည်းမျည်း စည်းကမ်းနဲ့ ငြိစွန်းလို့။ အဲဒါကြောင့် ကျနော်တို့ ပါတီဗဟိုက ခေါ်ယူ မေးမြန်းရမယ့် တာဝန်ရှိပါတယ်။ အဲဒါကြောင့် ဝန်ကြီး ဦးဇော်အေးမောင်ကို ဗဟိုက ခေါ်ယူ မေးမြန်းဖို့ အခြေအနေရှိတယ်လို့ ကျနော့်အနေနဲ့ ပြောတာပါ” ဟု ANP ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ANP ပါတီဗဟိုက ဝန်ကြီး ဦးဇော်အေးမောင်အား ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံမည်ကို မည်သည့်အတွက်ကြောင့်  အလုပ်အမှုဆောင်ကော်မတီကို အကြောင်းမကြား၊ အသိမပေး မတင်ပြခဲ့သည်ကို မေးမြန်းမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP ၏ မူဝါဒရေးရာဗဟို ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။

ထိုတွေဆုံပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများက တက်ရောက် ကြပြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ စစ်တွေမြို့မှ ရပ်မိရပ်ဖ များဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေကျော်သာ၊ ဦးသာနို့ အောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့ကလည်း တက်ရောက်ခဲ့ကြသည်။

-----------------------------

Unicode:

 
နိရဉ်စရာ ၊ ဖဖျောဝါရီ ၁၅/၂၀၂၀
 
 
 
 
 






#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.