သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၀
ရခိုင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့တွင် ယမန်နေ့ ညနေက ဝါယာရှော့ဖြစ်၍ နေအိမ်တစ်လုံး မီးလောင် ဆုံးရှုံးသွားပြီး မီးသတ်သမားတစ်ဦးလည်း ဒဏ်ရာရရှိသွားခဲ့သဖြင့် မောင်တောခရိုင် ဆေးရုံသို့ တင်လိုက်ရကြောင်း သတင်းရရှိသည်။
ယမန်နေ့ ညနေပိုင်း ရ နာရီကျော်က မြို့မ အရှေ့ရပ်ကွက်၊ ညောင်ပင်လှရွာ၊ ဦးဥတ္တမလမ်းမှ ကျောင်းဆရာမ အငြိမ်းစား ဒေါ်စောခင်၏ နေအိမ်ဖြစ်ကြောင်း၊ ဝါယာရှော့ဖြစ်ပြီး မီးလောင် ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးသတ်သမား တစ်ဦးဖြစ်သူ တပ်သား ဇော်ဝင်းလှိုင်တွင် ပခုံး ပွန်းပဲ့ ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း မောင်တော မီးသတ်ဌာနမှ အရံမီးသတ်တစ်ဦး ဖြစ်သူ ဦးညိုထွန်းက ပြောသည်။
“ဆရာမအငြိမ်းစား ဒေါ်စောခင် အိမ်ပါ။ အဲဒီအိမ်ကို MK ဆိုင် ရှင် ဦးအောင်မြသိန်းက ငှားထား တာပါ။ အဲဒီအိမ်အပေါ်ပိုင်းကို ဂိုဒေါင်လုပ်ထားပါတယ်။ အောက်ပိုင်းကို အဝတ်အထည် ရောင်းတဲ့ ဆိုင်ခန်းလုပ်ထားတာပါ။ မီးလောင်နေတာကို ကြားသိရတာနဲ့ ချက်ချင်း သွားရောက် ငြိမ်းသတ် ခဲ့ပါတယ်။ အဲဒီတစ်အိမ်လုံးတော့ လောင်သွားပါတယ်။” ဟု ၎င်းက ပြောသည်။
မီးလောင်ရာသို့ မောင်တောခရိုင်မီးသတ်ဦစီးဌာနမှ မီးသတ်ယာဉ်များက အချိန်မှီ ရောက်ရှိလာပြီး မီးသတ်ဝန်ထမ်းများ၏ စွမ်းစွမ်းတမံ မီးငြိမ်းသတ်ခဲ့သည့် အတွက် အနီးအနားရှိ တစ်ခြား နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်း မရှိဘဲ ည ၈ နာရီ ၁၅ ခန့်တွင် မီးငြိမ်း သွားခဲ့သည်ဟု သိရသည်။
မီးသတ်တပ်ဖွဲ့ဝင် ဇော်ဝင်းလှိုင်တွင် ဒဏ်ရာ အနည်းငယ်ရရှိသွားသဖြင့် ယခုအချိန်ထိ မောင်တောပြည်သူ့ဆေးရုံတွင် တင်ထားရကြောင်း ဦးညိုထွန်းကဆက် ပြောသည်။
မောင်တောဂရုဏာကွန်ရက် လူမှုကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က “နေအိမ်မှာ ရှေ့က အဖီတွဲထားတာ အဲဒီကနေတက်ပြီးတော့ မီးငြိမ်းသတ်နေတဲ့အချိန်မှာ ပြိုကျပြီး ဒဏ်ရာ ရသွားတာပါ။ ကြက်ခြေနီကလည်း ရှိတယ်။ ကျနော်တို့ကားကလည်း အဆင်အသင့် ရှိတယ်။ အဲဒီဒဏ်ရာ ရသွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်က ဇော်ဝင်းလှိုင်လို့ သိရပါတယ်” ဟု ပြောသည်။
ညနေ ရ နာရီ ၁၀ မိနစ်ခန့်က စတင်လောင်ကျွမ်းပြီး မောင်တောမီးသတ်ဌာနမှ မီးသတ် တပ်ဖွဲ့ဝင်များက လာရောက် ငြိမ်းသတ်ခဲ့ရာ ည ၉နာရီခန့်တွင် မီးငြိမ်းသွားကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။
ထိုသို့ ဂိုဒေါင်တစ်ခု နှင့် ဆိုင်ခန်း တစ်ခန်း မီးလောင်မှုကြောင့် ဆုံးရှုံးသွားမှု ကာလတန်ဖိုးမှာ သိန်း ၄၀ ကျော်ရှိပြီး တခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း မောင်တောမီးသတ်ဌာနမှ သိ၇သည်။
(ဓာတ်ပုံ- Aung Kyaw Min Min Post)
--------------------------
Unicode: