မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာတွင် မူဆလင်လူငယ်တစ်ဦး အသတ်ခံရပြီးနောက် ရခိုင်ကလေးငယ် တစ်ဦး ဝိုင်းဝန်းတိုက်ခိုက်ခံရ


ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်မူဆလင် ကျေးရွာတွင် ယမန်နေ့ ညနေက မူဆလင် လူငယ်တစ်ဦး အသတ်ခံခဲ့ရပြီး ယင်းအပေါ် မကျေနပ်သော မူဆလင် ကျေးရွာသားများက ရခိုင်လူငယ်တစ်ဦးကို ယနေ့နံနက်က ဝိုင်းဝန်းရိုက်နှက်သဖြင့် ဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါင်းတုတ်ကျေးရွာ တာဝန်ခံ ဦးချောင်ချူက “ မနေ့က ကျွန်တော်တို့ ရွာက အသက် ၁၅ နှစ်၊ ၁၆ နှစ် အရွယ် ကလေးနှစ်ဦးက ရွာမြောက်ဘက်ကို အင်တာနက်လိုင်း သုံးဖို့သွားတယ်။ သူတို့ကို ဆိုင်ကယ်နှစ်စီးနဲ့ ရခိုင်စကားပြောပြီး နှစ်ဦးလာတယ်။ နှစ်ယောက် စလုံးကို ဖမ်းတယ်။ ဖမ်းတာမှာ တစ်ယောက်က ထွက်ပြေးပြီး လွတ်လာတယ်။ နောက်တစ်ယောက်ကို ယူသွားတယ်။ ယူသွားပြီးတော့ ညဉ့်အချိန်မှာ အလောင်းကို ရွာအဆုံးမှာ ပြန်ပို့ပါတယ်။ အခု စခန်းမှူးတို့၊ ကျေးရွာ ဥက္ကဋ္ဌတို့ အားလုံးလာပြီး အလောင်းကို ကြည့်နေပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

သေဆုံးသွားသူ မူဆလင် လူငယ်မှာ မောင်တင်လှိုင် (ခ) ရာဂျစ်ခန် (၁၉) နှစ် (ဘ) အဘူဖော့ယော့ ဖြစ်ကြောင်း ကျေးရွာ တာဝန်ခံက ပြောကြားသည်။

“ အလောင်းဘဲ ရတယ်။ သေသွားပြီဆိုတော့ သူ့ကို ဘယ်သူ သတ်သလဲဆိုတာ ဘယ်လို ပြောလို့ရပါမလဲ။ သတ်သွားတဲ့သူတွေက ဘယ်ရွာကလဲ။ ဘယ်သူတွေလည်းဆိုတာ မသိသေးဘူး။ အခု ရဲတို့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ စစ်ဆေးနေပါတယ်။ ကျွန်တော်တို့လည်း ပဋိပက္ခဖြစ်မှာကို စိုးရိမ်ပါတယ်” ဟု ပေါင်းတုတ်ကျေးရွာ တာဝန်ခံ ဦးချောင်ချူက ပြောသည်။

အဆိုပါ မူဆလင် လူငယ် တစ်ဦး အသတ်ခံရသဖြင့် မကျေနပ်သော ကျေးရွာသားများသည် လောင်းကြက်စျေးသို့ စျေးရောင်းရန် သွားသည့် ပန်းမော်ကျေးရွာမှ ရခိုင်လူငယ် တစ်ဦးဖြစ်သူ မောင်လုံးဖြူ (၁၄) နှစ်ကို ဝိုင်းဝန်းရိုက်နှက်ကြသဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု သိရသည်။

ပန်းမော်ကျေးရွာ လူကြီး တစ်ဦးဖြစ်သူ ဦးကျော်သိန်းက “ ဒီနေ့ မနက်စောစော လောင်းကြက် စျေးကို ဒေါ်မဦးစိန်ရဲ့ သား မောင်လုံးဖြူ နဲ့ သူညီမ မောင်နှမ နှစ်ဦး စျေးရောင်းဖို့ သွားပါတယ်။ နှမငယ်ကို လောင်းကြက်စျေးမှာ စျေးရောင်းဖို့ ထားခဲ့ပြီး သူပြန်လာတယ်။ ပြန်လာတဲ့ အခါ ပေါင်းတုတ်မူဆလင်ရွာက ရွာသားတွေက တစ်ရွာလုံး သူ့ကို ဝိုင်းရိုက်တယ်လို့ ပြောပါတယ်။ အဲဒီအနားမှာ ဒေါ်ဖာတေဆိုတဲ့ မူဆလင် အမျိုးသမီးကြီး တစ်ဦးက ပန်းမော်ရွာသားနဲ့ ရင်းနှီးတော့ မင်းတို့ လွန်မယ်၊ လွန်မယ်ဆိုပြီး ရိုက်နေတဲ့ လူအုပ်ကြားက အဲဒီကလေးကို ဆွဲခေါ်ပြီး သူ့အိမ်တွင်းမှာ ထားတယ်လို့ ပြောပါတယ်။ ပန်းမော်ရွာသားတွေကအဲဒီ မောင်လုံးဖြူကို မနက်က  ပြန်လည် ခေါ်ဆောင်လာပြီး အခု ပန်းမော် ဆေးခန်းမှာ ဆေးကုထားတယ်။ စိုးရိမ်ရတဲ့ အခြေအနေရှိတဲ့ အတွက် မြောက်ဦးကို ယူဖို့ အတွက် နာရေးကားကို စောင့်နေပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် ပေါင်းတုတ် မူဆလင် ကျေးရွာသားများသည် ပေါင်းတုတ် ကူးတို့ဆိပ်မှ အောင်ကြီးနှင့် နောက်တစ်ဦးကိုလည်း ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် လောင်းကြက်၊ ပန်းမော်၊ မောင်နီကျွန်းကျေးရွာသားများ အနေဖြင့် ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်နေရသည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးပါ။

မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ၎င်းပြဿနာ ဖြစ်ပွားကြောင်းကို အတည်ပြုသော်လည်း အသေးစိတ်ကို မသိနိုင်သေးဟု ပြောကြားသည်။

-----------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၁၉/ ၂ဝ၂ဝ











Share: