မာန်ယုကျော် (ရွှေ၀မြေ)၊ ချစ်အိလှိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၂၁ / ၂၀၂၀
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလိုက်ပါခဲ့သည့် ရဟတ်ယာဉ် ပြီးခဲ့သည့် ရက်ပိုင်းက ပစ်ခတ်ခံရမှု သတင်း ရေးသားမှုနှင့်ပတ်သက်ပြီး စစ်တွေ အခြေစိုက် DVB သတင်းထောက် ကိုဝဏ္ဏခွာညိုကို ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ယနေ့နံနက်ပိုင်းက ခေါ်ယူစစ်ဆေးခံခဲ့ရကြောင်း သတင်းရရှိသည်။
DVB သတင်းထောက် ကိုဝဏ္ဏခွာညိုကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီကျော်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်၏ ရုံးခန်းတွင် ဝန်ကြီး ဦးဝင်းမြင့်က မိနစ် ၃၀ ခန့်အကြာ ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ကာယကံရှင် ကိုဝဏ္ဏခွာညိုက နိရဥ္စရာကိုပြောသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးတို့ စီးနင်းလာသည့် ရဟတ်ယာဉ်တိုက်ခိုက်ခံရမှုသတင်းကို DVB သတင်းဌာနက ယင်းနေ့က ရေးသားဖော်ပြခဲ့ရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ ပြောဆိုချက်ဟု ဆိုကာ ထည့်သွင်းဖော်ပြခဲ့သဖြင့် ၎င်းဝန်ကြီး၏ အမည်နှင့်ရာထူးကို အဓိက မေးမြန်းခဲ့သည်ဟု DVB သတင်းထောက် ကိုဝဏ္ဏခွာညိုက ပြောသည်။
"တကယ်လို့ ဝန်ကြီးက တစ်စုံတရာမပြောခဲ့ဘဲနဲ့ ရေးတယ်ဆိုလို့ရှိရင် ပြည်နယ်အစိုးရပေါ့။ အစိုးရဆိုင်ရာ အစိုးရဝန်ကြီးတွေကို အလွဲသုံးစား လုပ်မှုနဲ့ လုပ်ဆောင်သွားမယ့်ဟာကို ပြောတယ်။ ဘယ်လို လုပ်ဆောင်မယ်ဆိုတာတော့ မပြောဘူးလေ။ လုပ်ဆောင်သွားမယ့်အချက်ကို်ပြောတယ်။ ဘယ်လိုလုပ်ဆောင်မယ်ဆိုတာ သူ နေပြည်တော်အထိ တင်သွားမယ်ပေါ့။ အဲလိုတော့ ပြောတယ်။ နေပြည်တော် ပြည်ထောင်စုအဆင့်ထိ သူတို့တင်သွားမယ်ပေါ့။ ဒီလိုရေးတဲ့အတွက်"ဟု ကိုဝဏ္ဏခွာညိုက ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုတို့သည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်က စစ်တွေမှတဆင့် ဘူးသီးတောင်မြို့နယ်သို့ ရဟတ်ယာဉ်ဖြင့်သွားစဉ် အဆိုပါ ရဟတ်ယာဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
၎င်းသတင်းကို DVB သတင်းထောက် ကိုဝဏ္ဏခွာညိုက ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး၏ပြောဆိုချက်ကို ကိုးကားပြီး "ဖြစ်စဉ်က မှန်တယ်။ အဲ့ဒီမှာ စက်သေနတ်တွေနဲ့ ပစ်တယ်။ အချက်ပေါင်းများစွာပစ်တယ်။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရတာ တဦးတယောက်မှလည်း မရှိဘူး။ အခု ဝန်ကြီးချုပ် ဦးညီပုလည်း ပြန်ရောက်နေပြီ။ ဒေါက်တာဝင်းမြတ်အေးကတော့ ရန်ကုန် ပြန်သွားပြီလေယာဉ်နဲ့" ဟု ရေးသားကာ DVB သတင်းစာမျက်နာတွင် ဖော်ပြခဲ့သည်။
ကိုဝဏ္ဏခွာညိုက "ဘယ်ဝန်ကြီးက ပြောတယ်ဆိုတာကို သူတို့က မေးတယ်။ ကျနော်တို့ ထုတ်ဖော်ပြောလို့ မရဘူးလို့ ကျနော်ပြောလိုက်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်က အဲလိုပြောလိုက်တယ်ဆိုရင် သူ့ရဲ့အသက်အန္တရာယ်၊ အရေးယူခံရနိုင်တဲ့အပိုင်းတွေရှိတယ်။ ကျနော့်မှာတော့ Record (မှတ်တမ်း)အပြည့်အစုံရှိတယ်။ အချက်အလက်တွေ အပြည့်အစုံ ရှိတယ်။ ဘယ်ဝန်ကြီးဖြေထားတာလဲဆိုတာ အားလုံးရှိတယ်လို့ ကျနော်ကတော့ ပြောလိုက်တယ်။ သို့သော်လည်း ဘယ်ဝန်ကြီးပြောတယ်၊ ဘယ်ဝန်ကြီးဖြေတယ်ဆိုတာကို ကျနော်တို့ ပြောပိုင်ခွင့် မရှိဘူး။ ကျနော်တို့က သတင်းကို အမှန်တရားကို ပြည်သူတွေသိအောင် ချပြတာလေ။ နောက်ပြီး ဒီသတင်း Source ကိုလည်း ကျနော်တို့က သူတို့ ဘယ်လောက်ပဲ တောင်းတောင်း၊ ဘယ်သူရေးတယ်၊ ဘယ်သူပြောတယ်ဆိုတာကို ကျနော်တို့က သတင်း Source ကိုတော့ ကျနော်တို့က ကာကွယ်ပေးရမှာ ကျနော်တို့မှာ တာဝန်ရှိတယ်လေ။ ကျနော်တို့ သတင်းသမား တိုင်းမှာ ကာကွယ်ပေးရမယ့်တာဝန်ရှိတယ်။ နောက်တစ်ခုက ဒီသတင်းက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း သူတို့ အတိအလင်း ပြောထားပြီးသား။ သူက ဟုတ်တယ်ဖြစ်စဉ်မှန်တယ်ဆိုပြီးတော့။ ဘာအတွက်နဲ့ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးတစ်ယောက်က ကျနော့်ကို ခေါ်တွေ့ရတာလဲဆိုတဲ့ မေးခွန်းတွေဖြစ်လာတယ်ပေါ့လေ။ ပြည်နယ်အစိုးရက တစ်စုံတစ်ခု အရေးယူသွားမလား ကျနော့်ကိုဖြေတဲ့သူကို။ ကျနော်ကတော့ ကိုယ်သာ အနစ်နာခံသွားမယ်။ သူများကိုတော့၊ သတင်းပေးသူကိုတော့ ကာကွယ်ပေးရဖို့ ကျနော့်မှာတာဝန်ရှိတယ်"ဟု နိရဥ္စရာသတင်းဌာကို ပြောသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး ကိုဝဏ္ဏခွာညိုအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက တွေ့ဆုံရန်ခေါ်ယူခဲ့ခြင်းဖြစ်သော်လည်း ကိုဝဏ္ဏခွာညို အချိန်အနည်းငယ်နောက်ကျသွား၍ ဝန်ကြီး ဦးဝင်းမြင့်နှင့်သာ တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ၇ခိုင်ပြည်နယ် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းနှင့် စည်ပင်ဝန်ကြီး ဦးဝင်းမြင့်တို့အား နိရဥ္စရာသတင်းဌာနက မေးမြန်းရန် သွားရောက်တွေ့ဆုံခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့သဖြင့် ပြည်နယ်အစိုးရဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုတို့ စီးနင်းလာသည့် ရဟတ်ယာဉ်မှာ စစ်ဘက်သုံး ရဟတ်ယာဉ်ဖြစ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ် ရက္ခိုင့်တပ်တော်(AA)မှ ပြောခွင့်ရသူ ဦးခိုင်သုခမှ နိရဥ္စရာသတင်းဌာနကို ပြောဆိုထားသည်။
ဓာတ်ပုံ - ကိုဝဏ္ဏခွာညို
--------------------------------------
Unicode:
ဓာတျပုံ - ကိုဝဏ်ဏခှာညို