ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

တင်းမကြီးကျေးရွာမှ သေနတ်ကျည်ထိမှန်၍ ဒဏ်ရာရသူ အမျိုးသမီးတစ်ဦးကို ကျောက်တော်ဆေးရုံသို့ ယူဆောင်လာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 545

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၄/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာမှ ညာဘက်ပေါင်တွင် ကျည်ဆံ ထိမှန်၍ ဒဏ်ရာ အပြင်းအထန် ရရှိသွားသည့်  ဒေါ်မြဝန်းရီ (၅ဝ) နှစ်ကို ကျောက်တော် ဆေးရုံသို့ ယူဆောင်လာကြောင်း သတင်းရရှိသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က ဒေါ်မြဝန်းရီသည် ၄င်း ပိုင်ဆိုင်သည့် နွားများ၏ အခြေအနေအား သွားကြည့်စဉ် သေနတ်ဖြင့် ပစ်ခံခဲ့ရခြင်း ဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က စက်လှေဖြင့် ကျောက်တော်မြို့နယ် ဆေးရုံသို့ ယူဆောင်လာခဲ့ရာ ညနေ ၄ နာရီ ၅ဝ မိနစ်တွင် ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

“ကျည်က ညာဘက် ပေါင်ရဲ့ နောက်က ဝင်လို့ အရှေ့က ဖောက်ထွက်သွားပါတယ်။ ငန်းတောင်အနီးက ယာခင်းမှာ နွားတွေ ရှိပါတယ်။ အဲဒီ နွားတွေက ၃ ရက်မြောက်ရှိသွားပြီ။ ရေလည်း မသောက်ရ၊ အစာလည်း မစားရတာ။ အဲဒါကြောင့် သူက နွားတွေရဲ့ အခြေနေတွေကို သွားကြည့်တာပါ။ အဲဒီမှာ စစ်တပ်က သေနတ်နဲ့ လှမ်းပစ်တယ်လို့ ပြောပါတယ်” ဟု ဒေါ်မြဝန်းရီ၏ ခဲအို တော်စပ်သူက နိရဥ္စရာသို့ ပြောသည်။

ကျောက်တော်မြို့နယ် တင်းမသစ် ကျေးရွာမှ ဆေးဆရာက “ ကျည် ထွက်ပေါက်က နည်းနည်းကြီး ပါတယ်။ ကျည်အဝင်ပေါက်က ငယ်ပါတယ်။ အရိုးတွေ၊ အကြော တွေကတော့ လွတ်ပါတယ်။ ဒဏ်ရာက များပါတယ်။ ကျွန်တော်သူ့ကို ဆေးတွေဘာတွေ ထိုးပေးထားပါတယ်။ သွေးတိတ်အောင်လည်း လုပ်ပေးထားပါတယ် ” ဟု နိရဥ္စရာသို့ ပြောသည်။

“ငန်းတောင်က တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာပါ။ သူတို့က လူကို မြင်ရင် မသင်္ကာလို့ လှမ်းပစ်တာနေမှာပါ။ အဲဒီငန်းတောင် အနားမှာ ပစ်ခတ်မှုက မနေ့ညကတည်း ပစ်နေတာ အခုထိတောင် မရပ်ပဲ ပစ်နေပါတယ်။ ရွာမှာလည်း မနေရဲကြလို့ နည်းနည်းလေးပဲ ရှိပါတယ်” ဟု တင်းမကြီးကျေးရွာမှ ကျေးရွာသား တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ကျေးရွာသားများက စစ်တပ်က ပစ်သည်ဟု ပြောဆိုသဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိသေးသဖြင့် တပ်ဘက်က သဘောထားကိုတော့ တင်ပြနိုင်ခြင်း မရှိသေးပါ။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း အား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၄င်းမှာ အစည်းအဝေးသို့ တက်ရောက်နေကြောင်း ပြောသည်။

ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အားလည်း နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ အဆက်သွယ်မရရှိခဲ့ပါ။

တင်းမကြီးကျေးရွာတွင် လူဦးရေ ၃ဝဝဝ ကျော်ခန့်ရှိကြောင်း သိရပြီး၊ ၄င်းတို့ထဲမှ အချို့မှာ ကျေးရွာအနီး ပစ်ခတ်မှုများ ဖြစ်သောကြောင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကျောက်တော်မြို့နယ် တင်းမသစ်ကျေးရွာ၊ ကျားပုံကျေးရွာ၊ လင်ကွီကျေးရွာ၊ ကျင်းကြီးကျေးရွာတို့၌ ထွက်ပြေး ခိုလှုံလျှက်ရှိကြကြောင်း သိရသည်။

----------------------------------

Unicode:

နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၄/ ၂ဝ၂ဝ










ဆက်စပ် သတင်းများ