နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၄/၂၀၂၀
၇ခိုင်ပြည်နယ်မှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်၀မြို့တို့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရန် အတွက် ရန်ကုန်တွင် ဆန္ဒပြတောင်းဆိုခဲ့သည့် ကျောင်းသားခေါင်းဆောင် ၉ ဦးကို ငြိမ်စုစီ ဥပဒေပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့အထဲမှ ၆ ဦးကို ယနေ့ ကမာရွတ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။
ခေါ်ယူစစ်ဆေးခံ၇ သည့် ကျောင်းသား (၆)ဦးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ကိုဇော်ထက်နိုင်၊ ကိုအောင်ပြည့်စုံဖြိုး၊ မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကို နောင်ထက်အောင်နှင့် ကို သုတစိုး တို့ဖြစ်ကြသည်။
၎င်းတို့ ၆ ဦးနှင့်အတူ အမှုဖွင်ခံထား၇သူ နောက်ထပ် ကျောင်းသား ခေါင်းဆောင် ၃ ဦးမှာ ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကျော်လင်း၊ ကိုမြတ်ဟိန်းထွန်းနှင့် ဗကများ အဖွဲ့ချုပ်မှ ကိုသက်တင်အောင်တို့ ဖြစ်ကြသည်။
အမှုဖွင့်ခံထားရသည့် ကို မြတ်ဟိန်းထွန်းက “ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်တာနဲ့ ပတ်သက်လို့ မနေ့က ဆန္ဒထုတ်ဖော်တဲ့အခါ သူတို့ ငြိမ်း စု စီပုဒ်မ နဲ့တရားစွဲတာဖြစ်တယ်။ အခု ဗကသများ အဖွဲ့ချုပ်က ကျောင်းသား ခေါင်းဆောင် ၆ ယောက်ကို ခေါ်ယူစစ်ဆေးတယ်လို့ သိ၇တယ်။ ငြိမ်စုစီ ပုဒ်မ (၁၉)နဲ့ ခုလိုမျိုး လွတ်လပ်စွာ ထုတ်ဖော်တာကို ကန့်သတ်လိုက်တာဟာ ဒီမိုကရေစီစံနှုန်းနဲ့မညီတဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါကမဖြစ်သင့်တဲ့ကိစ္စပါ”ဟု ကို မြတ်ဟိန်းထွန်းက နိရဥ္စရာ သတင်းဌာနကို ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင်းတွင် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)တို့ ပူးပေါင်းပြီး ၇ခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပလက်၀မြို့တို့တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးရန်အတွက် လမ်းလျှောက် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ကမာရွတ် ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးက “ သူတို့ ဆန္ဒပြတဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီးတော့ ရဲစခန်းမှာအမှုဖွင့်ထားတယ်။ ကမာရွက်ရဲစခန်းမှူးက ဖွင့်တာပါ။ မြို့နယ် ရဲတပ်ဖွဲ့မှူးသိန်းဟန်က နေပြီး တရားလိုတိုင်ကြားထားတာပါ။ အဲဒီတိုင်ကြားစာနဲ့ ပတ်သတ်ပြီး တော့ စခန်းမှူး ဒုရဲမှူး မျိုးဦးက စစ်ဆေးနေတာပေါ့နော်။ စစ်ဆေးတဲ့အခါမှာ စွတ်စွဲခံ၇တဲ့သူက ၉ ယောက်ပေါ့။ ၉ ယောက်ကို သူတို့ ဗကသရုံးတွေကို ဆက်သွယ်တယ်။ ၆ ယောက်က လာရောက် စစ်ဆေးခံတယ်ပေါ့နော်။ ၃ ယောက်က စစ်ဆေးမခံသေးဘူး။ လက်တလော ၃ ယောက်ကို ဆက်သွယ်လို့မ၇တော့ ၆ ယောက်ကိုစစ်ဆေးတယ်။ ၃ ယောက်က ကျန်နေသေးတော့ တရားစွဲ ဆိုတာတော့ မလုပ်သေးဘူး။ ကျန် ၃ ယောက်ကို စစ်ဆေးပြီးတော့မှ ရုံးတင်သင့်တင်မှပေါ့။ အဲတာကို စီမံထားတယ်” ဟု ပြောဆိုသည်။
ခေါ်ယူစစ်ခြင်းသာ ဖမ်းဆီးခြင်း မရှိကြောင်း၊ ငြိမ်စုစီ ဥပဒေပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းရဲအရာရှိက ပြောကြားသညါ။
“ ဖမ်းဆီးထားတာတော့ မရှိဘူး ခေါ်ယူပြီးတော့စစ်ဆေး မေးမြန်းတာ။ မှတ်တမ်းလေးတော့ ယူထားပေါ့။ တရားလိုကတော့ ဒီလိုပွဲမျိုးလုပ်မယ်ဆိုရင် သက်ဆိုင်ရာတွေကို တိုင်ကြား အကြောင်းကြားစာတွေမပို့လို့ ငြိမ်းစုစီပုဒ်မနဲ့ တိုင်ကြားထားတာပေါ့လေ။ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ပါ” ဟု ပြောဆိုသည်။
ကျောင်းသားများမှ ဆန္ဒပြတောင်းဆိုရာတွင် “ရခိုင်ပြည်တွင်း ခြွင်းချက်မရှိ အင်တာနက်လိုင်း ပြန်လည် ဖွင့်ပေးရေး”၊ “ဘူးသီးတောင်မြို့နယ် စာသင်ကျောင်းအား လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအား တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ ဖြေရှင်းပေးရေး” နှင့် “ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအား လွတ်လပ်စွာ သတင်းရယူခွင့် ပေးရေး”စသည့် အချက်များပါဝင်သည်။
ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ ၇သေ့တောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ်ပလက်၀စသည့်မြို့နယ်တို့တွင်၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့က အင်တာနက်လိုင်း စတင်ဖြတ်တောက်ခဲ့သည်။
၄င်းထဲမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ ၇သေ့တောင်၊ မောင်တော မြေပုံနှင့် ချင်းပြည်နယ် ပလက်၀စသည့်မြို့နယ် (၄)မြို့နယ်တို့ကို အင်တာနက်လိုင်း ပြန်ဖွင့် ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၄)ရက်နေ့တွင် အင်တာနက်လိုင်း ထပ်မံ ဖြတ်တောက်ခဲ့သည်။
ယခု အင်တာနက်လိုင်းဖြတ်တောက်မှုသည် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်လိုင်း ဖြတ်တောက်ခြင်း ဖြစ်ပြီးလူပေါင်း (၈)သိန်းကျော် ဆုံးရှုံးနစ်နာမှုများဖြစ်နေကြောင်း၊ သို့အတွက် အင်တာနက်လိုင်းများကို အမြန်ဆုံးပြန်လည်ဖွင့်ပေးရန်လည်း ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့များတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တပြိုင်တည်း ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိ၇သည်။
photo- ကျော်သီဟရဲကျော်
------------------------------
Unicode:
နိရဉ်စရာ၊ ဖဖျောဝါရီ ၂၄/၂၀၂၀