သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

သေနတ်ပစ်ခံရပြီး လူ ၄ဦးဒဏ်ရာရရှိခဲ့သည့် ပလက်ဝစက်လှေပေါ်မှ လူငယ်၂ ဦးဖမ်းဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 279

နီမင်းထွန်း
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၈/၂ဝ၂ဝ

ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ထွက်ခွာလာသည့် စက်လှေတစ်စီး ယမန်နေ့က တင်းမကျေးရွာ အနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရသဖြင့် လူ ၄ ဦး ဒဏ်ရရှိခဲ့ပြီး ဆက်လက် မောင်းနှင်လာစဉ် တပ်မစစ်ဆေးရေးဂိတ်သို့ အရောက်တွင် စက်လှေပေါ်မှ လူငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ရခိုင်လူငယ်ညီလာခံအဖွဲ့(AYC)မှ ကိုကျော်လှနှင့် ဘူးသီးတောင်မြို့နယ်မှ ၁ဝတန်း ကျောင်းသားတစ်ဦးတို့ ဖြစ်ကြောင်းသိရသည်။

လမ်းတွင်ဖမ်းဆီးခံခဲ့ရသူများမှာ လှေပေါ်လိုက်ပါလာသော အမည်မဖော်လိုသည့် အမျိုးသမီး တစ်ဦးက “ကျမတို့ တင်းမ အနားကို ရောက်တဲ့အခါ စက်လှေကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်လို့ လူ ၄ ယောက် ဒဏ်ရာ ရသွားတယ်။ ပြီးတော့ ကျောက်တော် တပ်မကို ရောက်တဲ့ အခါ စက်လှေကို ကပ်ခိုင်းတယ်။ ခရီးသည်တွေကို စစ်ဆေးတယ်။ မှတ်ပုံတင် တွေပြရတယ်။ အဲဒီမှာ မှတ်ပုံတင် မရှိတဲ့ ဘူးသီးတောင်က ၁ဝ တန်းကျောင်း တစ်ယောက်နဲ့ ပလက်ဝကနေ လိုက်ပါလာတဲ့ ကိုကျော်လှ တို့ကို ဖမ်းဆီး ထားလိုက်တယ်” ဟု နိရဥ္စသတင်းဌာနကိုပြောသည်။

ဒဏ်ရာရသွားသည့် လူနာ ၄ ဦး ယနေ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၇ နာရီခွဲကျော်ခန့်တွင် ကျောက်တော်ဆေးရုံကိုရောက်ရှိလာခဲ့သည်ဟု သိရသည်။   ၎င်းတို့မှာ  စက်လှေမောင်းသူ ဦး ကိုကိုမောင်(၂၉)နှစ်၊ ဦးမောင်ကြည်စိုး(၃ဝ)၊ ဦး မောင်အေးထွန်း(၃ဝ)နှစ်နှင့် ဒေါ် ခင်မာဖြူ(၃၆)နှစ်တို့ဖြစ်ပြီး

စက်လှေမောင်းသူ ဦး ကိုကိုမောင်၏ ခြေသလုံးကို ကျည်ဖောက်သွားပြီး တခြားသူများတွင်လည်း တင်ပါး၊ ဦးခေါင်း၊ကြောနှင့် ဂျိုင်းနားတို့တွင် ဒဏ်ရာရသွားသည်ဟု ဒဏ်ရာရသူ ဦးမောင်ကြည်စိုးက ပြောသည်။

“ကျနော်မှာတော့ ဦးခေါင်းမှာဒဏ်ရာရတယ်။ စက်လှေမောင်းတဲ့သူမှာတော့ ခြေသလုံးကို ကျည်ဖောက်သွားတယ်။ သူ့အခြေအနေကစိုးရိမ်ရတယ်။ ကျနော်နဲ့ တခြားသူတွေမှာလည်း တင်ပါး၊ ကြောနဲ့ ဂျိုင်းနားတို့မှာ ဒဏ်ရာရသွားတယ်”ဟု ဦးမောင်ကြည်စိုးက နိရဥ္စရာ သတင်းဌာနကို ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက “အဲဒီမှာ တိုက်ပွဲဖြစ်တာဘဲသိတယ်။ ကျန်တာဘာမှ မသိဘူး”ဟု နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် တင်းမအနီး ငန်းတောင်အရှေ့ဘက် ဝါးခုတ်ချောင်းထဲတွင် ယမန်နေ့ နံနက်ပိုင်းက ရက္ခိုင်တပ်တော် (AA)နှင့် မြန်မာတပ်မတော်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး မြန်မာတပ်မတော်မှ စစ်ရဟတ်ယာဉ် ၃ စီး၊ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် သုံးကြိမ်ထက် မနည်း လာရောက်ပစ်ခတ်ခဲ့သည်ဟု မျက်မြင် ဒေသခံများကပြောသည်။

----------------------------------

Unicode:


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၈/၂ဝ၂ဝ











ဆက်စပ် သတင်းများ