ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျည်ထိမှန်၍ မင်းပြားမြို့ပေါ်မှ အမျိုးသမီး ၁ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 267

ဆောင်းဇာခြည်
နိရဥ္စရာ၊ဖေဖော်ဝါရီ ၂၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ မင်းဘာကြီးရပ်ကွက်မှ အမျိုးသမီး တစ်ဦး ယနေ့ နံနက် ၃ နာရီအချိန်ခန့်က ကျည်ဆံထိမှန် သေဆုံးသွားပြီး ရပ်ကွက်နေ ပြည်သူ ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ အမျိုးသမီးမှာ မင်းဘာကြီးရပ်ကွက်နေ ဦးထွန်းအောင်တင်၏ သမီး ဒေါ်သန်းနွှဲ့ရီ (၄၂)နှစ်ဖြစ်ပြီး ကျည်ဆံမှာ ရင်ဘတ်မှ ဝင်ကာ နောက်ကျောမှ ထွက်သွားသည်ဟု မင်းဘာကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမြင့်မောင်က ပြောသည်။

ကျန် ဒဏ်ရာရရှိသွားသူ ၅ ဦးရှိပြီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်ဟု ပြောသည်။ ဒဏ်ရာရသူများမှာ မင်းဘာကြီးရပ်ကွက် ဦးမောင်ခင်ထွန်း၏ သား မောင်အောင်ခင်သန်း (၂၂) နှစ်၊ ဦးအောင်ကျော်သန်း၏ သမီး မခင်စန်းနွှဲ့ (၁၉) နှစ်၊ ဦးစောရွှေမောင်၏ သား မောင်ဦးသန်းလှိုင် (၂၆) နှစ်၊ ဦးမောင်ကျော်ဦး၏သား ဦးမောင်လှကျော် (၅၅) နှစ်နှင့် ဦးထွန်းစော (၂၄) နှစ်တို့ ဖြစ်ကြောင်း ပြောသည်။

မခင်စန်းနွှဲ့ (၁၉) နှစ်မှာ ညာဘက် လက်မောင်းတွင် ထိမှန်ခဲ့သော်လည်း  ကိုယ်ဝန်ရှိသဖြင့် စစ်တွေဆေးရုံသို့ ယူဆောင်သွားရမည်ဟု ၎င်းက ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမြင့်မောင်က " ဘုရားမော်အုပ်စု၊ ကြပ်စင်တောင်မော် တောင်အနားမှာ ပစ်ခတ်မှုတွေ ဖြစ်ပါတယ်။ လက်နက်သံကြားတာနဲ့ ကျွန်တော်တို့ ဗုံးခိုကျင်းထဲ ပုန်းဖို့ ဆင်းကြပါတယ်။  သူတို့က နေဗီနဲ့ လာပါတယ်။ အဲဒီမှာ ရွာဘက်ကို သူတို့က လှမ်းပစ်ပါတယ်။ အခု သေသွားတဲ့ အမျိုးသမီးက ကြောက်ပြီး ဟိုမှာပုန်း၊ ဒီမှာပုန်းနဲ့ နောက်ဆုံး  လမ်းဘေးမြောင်းမှာ သွားပုန်းရာကနေ ကျည်ဆံထိသွားတာပါ"ဟု ဆက်ပြောသည်။

အဆိုပါ ကြပ်စင်တောင်မော်တောင်ကုန်းအနီး ပစ်ခတ်မှုဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြာတွင် ရာမောင်မြစ်ထဲသို့ နေဗီဝင်လာကာ မင်းဘာကြီးရပ်ကွက်ဘက်သို့ လှမ်းပစ်ကြောင်း မင်းဘာကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမြင့်မောင်က ပြောသည်။

သေဆုံးသူ ဒေါ်သန်းနွှဲ့ရီ၏ အမျိုးသား ဦးမောင်ထွီးက "ကျွန်တော်တို့ လက်နက်အသံကြားတာနဲ့ အိမ်အောက်ကို ဝင်ပုန်းကြပါတယ်။ ကလေးတွေရော ကျွန်တော့်မိန်းမနဲ့ရော။ အိမ်မှာလည်း ဗုံးခိုကျင်းမရှိတော့ အိမ်အောက်မှာလည်း မလုံခြုံဘူးဆိုပြီး လမ်းဘေး မြောင်းကို ထွက်ပုန်း ကြပါတယ်။ အဲဒီမှာ နေဗီကပစ်လိုက်လို့ ကျသွားတာပါ။ အိမ်က ကမ်းနားစပ်မှာပါ။ နေဗီနဲ့ အိမ်က သိပ်မဝေးပါ။ သေနတ်ကျည် ဝင်သွားတာပါ " ဟု နိရဥ္စရာသို့ ပြောသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှမြင့်မောင်က "ဒဏ်ရာ ရသွားတဲ့လူတွေကတော့ ဒဏ်ရာ သိပ်မများပါဘူး။ ဒဏ်ရာ ရသွားတဲ့သူတွေကလည်း သူ့အိမ်နဲ့သူ့အိမ်ပေါ့နော်။ နေဗီက အဲဒီ ရာမောင်မြစ်အတိုင်း တန်းပြီးဝင်လာတာပါ။ ကျွန်တော်တို့ ရပ်ကွက်က အဲဒီမြစ်ရဲ့ ကမ်းနားလေးမှာပါပဲ။ မနေ့ညကတည်းက နေဗီ ၃ စီး အဲဒီအနီးမှာ ရောက်နေတယ်လို့ သိရပါတယ်။ အခု ပစ်တဲ့ထဲမှာ အဲဒီ နေဗီ ၃ စီးလုံးလားဆိုတာ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ကမ်းနားအတိုင်း ပစ်တာပါ" ဟု ဆက်ပြောသည်။

ဒေါ်သန်းနွှဲ့ရီမှာ လက်နက်ကျည် ညာဘက်နို့အုံဝမှ ကျောကုန်းအပြင်သို့ ဖောက်ထွက်သွားကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ဆိုသည်။

ဒဏ်ရာရသွားသူ မခင်သန်းနွှဲ့မှာ ညာဘက်လက်တွင်လည်းကောင်း၊ မောင်အောင်ခင်သန်းမှာ ဦးခေါင်း၊  မောင်ဦးသန်းလှိုင်တွင် ညာဘက်ပေါင်၊ ဦးမောင်လှကျော်တွင် နားရွက်တို့၌ လက်နက်ကျည်စ ထိမှန်ခဲ့ပြီး ဦးထွန်းစောတွင် ခြေခမိုးတွင် ဒဏ်ရာ အသီးသီး ရရှိသွားကြကြောင်း သိရသည်။

ပစ်ခတ်မှုမှာ ယနေ့ နံနက် ၅ နာရီခန့်တွင် ရပ်တန့်သွားပြီး ဒဏ်ရာရသွားသူများနှင့် သေဆုံးသူတို့အား ယနေ့ နံနက် ၆ နာရီခန့် မင်းပြား ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခသို့ ဆက်သွယ်ရာ “ မနေ့က မြန်မာစစ်တပ်ဘက်က စစ်ကူပို့ဖို့လာတဲ့ ဇက်သင်္ဘော သုံးစီးကို ကျွန်တော်တို့ဘက်က ကြပ်စင်တံတားက စောင့်ပြီး သူတို့ကို တားဆီးပစ်ခတ်မှုတွေ မနက် ၂ နာရီလောက်က လုပ်ခဲ့တာ ရှိပါတယ်။ ဆိုတော့ မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအရှူံးတွေများတဲ့အတွက် သူတို့က မနက် ၃ နာရီလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အရပ်သားတွေနေတဲ့ဘက်ကို လှမ်းပစ်ခတ်တာ ရှိပါတယ်။ ကျွန်တော်တို့နဲ့ ပစ်ခတ်မှု ဖြစ်တာက နံနက် ၂ နာရီမှာ။ သူတို့ဘက်က မြို့ဘက်ကို လှမ်းပစ်တာက မနက် ၃ နာရီလောက်မှာလို့ သိရပါတယ်။ ကျွန်တော်တို့နဲ့ တိုက်ဖြစ်ဖြစ်တဲ့အချိန်က ၈ မိနစ်လောက်ပဲ ကြာပါတယ်” ဟု  ပြောသည်။

(Photo by Lay Mro- Minbya CJ News)

--------------------------------------

Unicode:


နိရဉ်စရာ၊ဖဖျေောဝါရီ ၂၈/၂ဝ၂ဝ














ဆက်စပ် သတင်းများ