ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

လက်နက်ကြီးကျည်များကျ၍ ကျောက်တန်းကျေးရွာတွင် နေအိမ် ၂၁လုံးမီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.5k

သန့်မြတ်ခိုင်
မတ် ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့်အပြင် ရဟတ်ယာဉ်က ပစ်ခတ်မှုများ ရှိခဲ့သည့်အတွက် လူနေအိမ် ၂၁လုံး မီးလာင်သွားကြောင်း သတင်းရသည်။

ကျောက်တန်းကျေးရွာမှ မီးလောင်သွားသည့် အိမ်များမှာ (၁) ဦးမောင်ကျော်ဌေး၊ (၂) ဦးဦးထွန်းစိန်၊ (၃) ဒေါ်မအေးခင်၊ (၄) ဦးအောင်သိန်းညွန့်၊(၅) ဒေါ်မအေးနု၊ (၆) ဦးမောင်ခင်လှိုင်၊ (၇) ဦးမောင်အေးထွန်း၊ (၈) ဦမောင်သန်းဦး၊ (၉) ဦးထွန်းချေဝင်း၊ (၁ဝ) ဦးကျော်သန်းမောင်၊ (၁၁) ဦးအောင်သိန်းထွန်း၊ (၁၂) ဦးဦးတင်လှိုင်၊ (၁၃) ဦးနားသီးချေ၊ (၁၄) ဦးထွန်းနိုင်ဝင်း၊ (၁၅) ဒေါ်ရွှေမိုး၊ (၁၆)  ဦးမြင့်ထွန်း၊ (၁၇) ဦးငသံတိုင်၊ (၁၈) ဒေါ်မဲယေ၊ (၁၉) ဦးထွန်းစိုးမောင်၊ (၂ဝ) ဒေါ်မဲချေ၊ နှင့် (၂၁) မဖြူယေ တို့ အိမ်များဖြစ်ကြောင်း  ကျေးရွာသားများ ပေးပို့သော စာရင်းအရ သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁ ရက် နံနက်မှစတင်ပြီး  ရသေ့တောင် အခြေစိုက် အမှတ် ၅၃၆၊ ၅၃၇ တပ်ရင်းက လက်နက်ကြီးများဖြင့် တစ်နေ့ကုန် ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ  ကျရောက်ပေါက်ကွဲပြီး ယင်းသို့ နေအိမ်များ မီးလောင်ကျွမ်းသွား ခြင်းဖြစ်ကြောင်း ကျေးရွာသားများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“လက်နက်ကြီးကြောင့် အိမ် ၆ ဆောင် လောင်ပါတယ်။ မနေ့ကတရက်လုံးပစ်တယ်။ မနက် ၉ နာရီကနေ ညနေပိုင်းအထိပစ်ပါတယ်။ ၅ နာရီဝန်းကျင်လောက်မှာ ရဟတ်ယာဉ် နှစ်စီးနဲ့လာပြီး ဗုံးကြဲပါတယ်။ စက်သေနတ်တွေနဲ့ပစ်တယ်။ အဲဒီအချိန် နောက်ထပ် ၇ ဆောင်ထပ်လောင် သွားပါတယ်။ အခု အချိန်ထိ  အိမ် ၂၁ လုံးနဲ့  သစ်စက်တစ်ခု မီးလောင်သွားပါတယ်” ဟု ကျောက်တန်း ကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်လှအောင်က ပြောသည်။

ယနေ့ နေ့လယ်ပိုင်းကလည်း ရသေ့တောင်တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုများ ရှိနေပြီး လက်နက်ကြီးကျည်  ၃ လုံး ရွာထဲကို ကျပြီး နေအိမ်အချို့မီးလောင်မှုများ ထပ်မံ ရှိနေကြောင်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“ အိမ် ၂ဝ လောက် မီးထဲပါသွားတယ်လို့ပြောတယ်။ ဒီနေ့မနက်ပိုင်းကလည်း လက်နက်ကြီး ပစ်တာရှိတယ်လို့ပြောတယ်။ ဒီပြီးခဲ့တဲ့နာရီဝက်အတွင်းမှာ ရသေ့တောင်တပ်ရင်းဘက်က လက်နက်ကြီး ၃ လုံးလောက်အဲဒီဘက်ကို ပစ်တယ်။ အဲဒါမှာလည်း ထပ်ပြီးတော့ မီးလောင်တယ်လို့ ပြောတယ်။  ပတ်ဝန်းကျင်က ရွာတွေက မြင်ရတယ်လို့ပြောတယ်။ ပတ်ဝန်းကျင်ကိုမေးကြည့်လိုက်တော့ မီးကိုတောင်မြင်ရတယ်လို့ပြောတယ်။” ဟု ဦးခင်မောင်လတ်က ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ စစ်ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်နေခြင်းမှာ ဥပဒေမဲ့လုပ်ရပ်များဟု ခံစားရကြောင်း၊ တိုက်ပွဲလည်း ရွာထဲတွင် ဖြစ်ပွားခြင်း မရှိကြောင်း၊ ရွာထဲသို့ ရွာသားများ ပြန်မဝင်နိုင်သည်မှာ သုံးရက်ခန့် ရှိနေပြီ ဖြစ်ကြောင်း  ကျောက်တန်း ကျေးရွာမှ ဦးမောင်ထွန်းသိန်းက ဆက်ပြောသည်။

အခြားကျောက်တန်းကျေးရွာသားတစ်ဦးက “လက်နက်ကြီးနဲ့လှမ်းပစ်နေရင် ရွာသားတွေကလည်း မနေရဲ မသွားရဲ။ လူကိုမြင်ရင် လှမ်းပစ်တယ်။ ရွာထဲကိုပစ်တယ်။ အဲဒါကြောင့် ရွာသားတွေ ကလည်း မနေရဲ ဖြစ်နေတာ။ လက်နက်ကြီးပစ်တဲ့အခါ ရွာထဲမှာ တစ်ယောက် ကျန်ခဲ့တယ်။ ဦးသန်းလှိုင်ဆိုသူတစ်ယောက် ကျန်ခဲ့ပါတယ်။ လက်နက်ကြီးပစ်လို့ ရပ်သွားတဲ့အချိန်မှာ သူက သွားကြည့်ခဲ့တဲ့အချိန် အိမ် ၂၁ ဆောင်မီးလောင်တာကို  သိခဲ့ရတာပါ။ ” ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တပ်မတော်က  အမြောက်ကြီးများ ပစ်ခတ်သည်သာမက ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ခတ်သည့်အတွက် ကျောက်တန်းကျေးရွာ နေအိမ်အချို့မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကျေးရွာသားများအား ကိုးကားပြီး သူမက ပြောသည်။

“မနေ့က နံနက် ၉ နာရီလောက်မှာ ကျောက်တန်းကျေးရွာအနီးက အောင်သာစည်ဆိုတဲ့ရွာမှာ မိုင်းကွဲတယ်လို့ပြောတယ်။ မိုင်းကွဲတဲ့အချိန်မှာ ရသေ့တောင်ဘက်က လက်နက်ကြီးတွေနဲ့ အဲဒီဘက်ကိုလှမ်းပစ်တယ်ပြောတယ်။ အဲဒီအချိန်မှာ ရွာထဲကိုကျပြီးတော့ အိမ် ၆ လုံး မီး လောင်သွားတယ်လို့ ပြောပါတယ်။ ညနေပိုင်း ၅ နာရီကျော်မှာ ရဟတ်ယာဉ်နဲ့လာပြီးတော့ ပစ်တဲ့အချိန်မှာလည်း ရွာကိုကျပြီးတော့ နေအိမ် ၉ ဆောင်လောင်သွားတယ်ဆိုပြီးတော့ ရွာသားတစ်ယောက်က ဖုန်းဆက်ပြီး ပြောလာတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ဖြစ်စဉ်အား အသေးစိတ်သိရှိရန်နှင့် မည်သို့ဖြစ်ခဲ့သည်ကို မေးမြန်းတင်ပြရန် နိရဥ္စရာသတင်းဌာနမှ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထိသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

ကျေးရွာသားများက တပ်မတော်ဘက်မှ စစ်ရဟတ်ယာဉ်များဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ် ခဲ့သည်ဟု ပြောဆိုထားသည့်အတွက် ဟုတ်/ မဟုတ်အား မေးမြန်းတင်ပြန်ရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ထံသို့ ဆက်သွယ် ခဲ့သော်လည်း ဆက်သွယ်မှုမရှိသေးပါ။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ စာသင်ကျောင်းတွင် စစ်တပ်မှ ရွာသား ၂၇၅ ဦးအား ဖမ်းဆီး စစ်ဆေးခံနေစဉ်  ၂ဝ၁၉ ခုနှစ် မေလ ၂ ရက်နေ့  ညဉ့် ၂ နာရီ ကျော်အချိန်တွင် စိတ်မနှံ့သူ တစ်ဦး၏ ထအော်မှုကြောင့်  ရုန်းရင်းဆန်ခတ်ဖြစ်ပြီး  စစ်သားများမှ  သေနတ်ဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၈ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာ ရရှိသွားခဲ့သည်။


-----------------------------------

Unicode:

















ဆက်စပ် သတင်းများ