ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၂/၂၀၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပျောက်ဆုံးနေသူ ၁၆ ဦးရှိပြီး ယင်းအထဲမှ အလောင်း ၃ လောင်းကို ယနေ့ မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီကျော်က တိုက်ပွဲဖြစ်ပွားရာနေရာမှ သုံးမိုင်ခန့်အကွာ ရှမ်းတောင်ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းဘေး ၁၀ မီတာခန့်အကွာ မြေကျင်းတစ်ခုထဲတွင် အတူတူ မြုပ်နှံ၍ တွေ့ရှိခဲ့ရသည်ဟု ဒေသခံများကပြောသည်။
တွေ့ရှိခဲ့သည့်အလောင်းများမှာ မြောက်ဦးမြို့နယ် လက်သန်းချေကျေးရွာမှ ဦးမောင်ကျော်ခိုင်(၃၆)နှစ်၊ ကျွဲတဲရွာမှ ဦးမောင်ဆန်းဌေး (၃၈)နှစ်နှင့် ဘူးတလုံးရွာမှ အာဒီအာလောင် (၂၃ )နှစ်တို့ဖြစ်ကြသည်။
“ရှမ်းတောင်နားက ကားလမ်းအောက်ကတွေ့တာ။ အဲဒီကလူတချို့တွေ့လို့ သူတို့ အလောင်းကို ဖော်ထားတာ။ သွားကြည့်ပြီးပြီ။ ကျွန်တော့် သမက်ဆိုတာသေချာတယ်။ စစ်တပ်က ဖမ်းသွား တာပါ။ ဖမ်းသွားတာကို မြင်တဲ့လူတွေလည်း ရှိပါတယ်။ သူအပါအဝင် သုံးယောက်ဖမ်းသွားတာပါ။ ငါးဒိုင်ကနေပါ ”ဟု ဦးမောင်ကျော်ခိုင်၏ ယောက္ခမဖြစ်သူက နိရဥ္စရာ သတင်းဌာနအားပြောသည်။
အသတ်ခံရသူ လက်သန်းချေကျေးရွာမှ ဦးမောင်ကျော်ခိုင်၏ ဇနီးဖြစ်သူ ဒေါ်ဦးမျှသန်းက ”သူက ရွှေလံ တံတားအနီး မောင်ဖြူချေ ငါးဒိုင်မှာလုပ်တာပါ။ စစ်တပ်က ကားနဲ့ ရောက်လာပြီး သူ့ကို ရိုက်ပြီး တစ်ခြားလူတွေနဲ့အတူ ဖမ်းခေါ်သွားတာပါ။ ဘယ်ကို ဖမ်းခေါ် သွားတယ်ဆိုတာ ကျွန်မတို့ မသိဘူး။ ဒီကနေ့မှာတော့ ရှမ်းတောင်ကျေးရွာအနီးမှာ အလောင်းတွေ့တယ်လို့ သိရပါတယ်။ ကျွန်မ ယော်ကျားက အေအေနဲ့ ဘာမှ မပတ်သက်ပါ။ ဆင်းရဲလို့ ကျဘမ်း လုပ်စားနေသူပါ။ ကျွန်မမှာ ကလေးနှစ်ယောက်နဲ့။ ဘယ်လို လုပ်စားရမလဲဆိုတာတောင် မသိတော့ပါဘူး။ ရင်မှာ မီးတောက်နေသလိုခံစား၇ပါတယ်” ဟုပြောသည်။
ယနေ့ အလောင်း ၃ လောင်းထဲတွင် ဘူးတစ်လုံး မူဆလင်ကျေးရွာသား တစ်ဦးလည်း ပါဝင်နေသဖြင့် ၎င်းကျေးရွာ တာဝန်ခံ ဦးလာလူ ထံသို့ ဆက်သွယ်ရာ သူတို့ရွာသား အလောင်းတစ်လောင်းကို တူးဖော်တွေ့ရှိသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။
“ ဒီနေ့ အလောင်း၇သူက အာဒီအာလောင်ပါ။ သူက အသက် (၂၃ )နှစ်ဖြစ်ပါတယ်။ သူက ငါးလက်ချေ ပိုက်ချပါတယ်။ သူက သူ့အဖွဲ့သားတွေနဲ့ ငါးဒိုင်မှာ ငါးသွင်းဖို့ သွားတာပါ။ စစ်တပ်က ကားနဲ့ ရောက်လာပြီး မင်းတို့ ရခိုင်နဲ့ မူဆလင်တွေ ပေါင်းပြီး ဘာလို့ ဒီလို လုပ်တာလဲဆိုပြီး ရိုက်ပြီး ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။ သူရဲ့ အလောင်းကို ဒီနေ့ရပါတယ်။ ရွာမှာသေတာက ကျည်ကျပြီး ဟိုတစ်နေ့က ၅ ဦး၊ ၁၀ နှစ်အရွယ် ကလေးတစ်ဦးလည်း ပါတယ်။ အခု တစ်ယောက်နဲ့ ဆိုရင် သေတာက ၆ ဦးရှိပါပြီ” ဟု ဦးလာလူက ပြောသည်။
ဘူးတလုံး မူဆလင်ရွာမှ သေဆုံးသူ ၆ ဦး၊ ယနေ့ အချိန်ထိ ပျောက်ဆုံးနေသူ ၆ ဦး၊ ဒဏ်ရာ၇သူမှာ ၁၃ ဦးရှိကြောင်း ၎င်းက ပြောကြားသည်။
ယခုကဲ့သို့ စစ်တပ်မှ ဖမ်းခေါ်သွားပြီးနောက် အလောင်းများရှာဖွေတွေ့ရှိသည်ဟု မိသားစုများက ပြောသဖြင့် တပ်မတော်ပြောခွင့်ရသူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ၎င်းသတင်း မဖြစ်နိုင်ကြောင်း ပြောကြားသည်။
“ မြောက်ဦးမြို့နယ် အတွင်း အဲဒီနေ့က တိုက်ပွဲဖြစ်တာ မှန်ပါတယ်။ အရပ်သား သေဆုံးတယ်လို့တော့ မကြားမိဘူး။ အလောင်းရတဲ့ သတင်းလည်း မရသေးဘူး။ ဒါကတော့ မဖြစ်နိုင်ဘူး။ ဒီစွပ်စွဲချက်လည်း မဖြစ်နိုင်ပါဘူး” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အလောင်းများတွေ့ရှိသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောသည်။
“အလောင်းတွေ့တာ ဟုတ်တယ်။ အခုလောလောဆယ်က သုံးလောင်းတွေ့တာ။ သူတို့ကို ၂၉ ရက်နေ့က ဖမ်းသွားတာ။ အဲဒီထဲက လေးယောက်အသေတွေ့ပြီ။ မနေ့က တစ်လောင်း ၇တယ်။ ဦးမောင်စိုးလွင် (၄ရ)နှစ်ရွှေလံကျေးရွာက။ အလောင်းကို သူ့အိမ်နားက ကွမ်းသီးတောထဲက မြုပ်ပီး ရတယ်လို့သိရတယ်” ဟု ပြောသည်။
မြောက်ဦးမြို့နယ် လက်သန်းချေကျေးရွာမှ ဦးမောင်ကျော်ခိုင်၊ ဦးကျော်အေး(၄၆)နှစ်တို့နှင့်အတူ ဒုံဘွေကျေးရွာမှ ဦးမောင်ဝိုင်း(၃၆)နှစ်တို့သည်လည်း ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက် ရ နာရီခန့်တွင် နေအိမ်မှ ထွက်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။
ဦးမောင်ဝိုင်း၏ ဇနီးဖြစ်သူက “မနက်စောစော ဆိုရင် သူက ငါးအဝယ်ဒိုင်မှာ ငါးအလေးချိန်ဖို့ နေ့တိုင်းသွားနေရတာပါ။ အဲဒီနေ့က သူတို့သွားပြီးခဏနေတော့ စစ်ကြောင်းတစ်ခု မိုင်းတစ်လုံး ကွဲတယ်လို့ကြားတယ်။ သူတို့နဲ့တစ်မိုင်လောက်ဝေးတယ်။ မြောင်းဘွေချေရွာနားမှာပေါက်တယ်လို့ သိရတယ်။ အဲဒီမှာသူတို့သုံးယောက်ကို ဖမ်းသွားတယ်။ ဖမ်းတာကိုလည်း အဖွားကြီး နှစ်ယောက်လည်း မြင်ပါတယ်။ အဖွားကြီး တစ်ဦးက ကျွန်မ အမျိုးသားကို ကာကွယ်ပြီး ပြောတယ်တဲ့။ သူနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောတဲ့ အဖွားကြီးကို ခြေနဲ့တောင် တက်နင်းခဲ့မလို လုပ်တယ်လို့ ပြောတယ်။ အဖွားကြီးကိုတော့ ဖမ်းတော့ မဖမ်းသွားဘူး။ ကျွန်မ ယော်ကျားကို စစ်တပ်ကားပေါ်ကို ကြိုးချည်ပြီး ခေါ်သွားပါတယ်တဲ့။ ကျွန်မတို့ သူ့ဆီကို ဖုန်းတော့ တစ်ခေါက် ဆက်သွယ်လို့ ရသေးတယ်။ သူ့ ယောက်ဖနဲ့ အတူတူ အဖမ်းခံရတာပါ။ သူကယောက်ဖက ကျွန်တော်ဆရာတို့နဲ့အတူရှိတယ် လို့ပြောပါတယ်။ စစ်သားတွေက ဗမာစကားနဲ့ပြောဆိုတဲ့ အတွက် ဗမာစကားနဲ့ သူတို့က ပြောပါတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၉ ရက်နေ့က မြောက်ဦးမြို့နယ် မြောင်းဘွေချေနှင့် ရွှေလံကျေးရွာအနီးတွင် မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ယနေ့အချိန်ထိ အရပ်သား ၉ ဦးသေဆုံးပြီး ၁၃ ဦးပျောက်ဆုံးနေကာ လမ်းလုပ်သား တစ်ဦး အပါအဝင် ၁၉ ဦးဒဏ်ရာရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စု အစည်းအရုံး (REC) ၏ ယနေ့ထုတ်ပြန်သော စာရင်းအရ သိ၇သည်။
ပျောက်ဆုံးနေသူများအထဲတွင် ဘူးတလုံးမူဆလင်ရွာသား ၆ ဦး၊ ရွှေလံရွာမှ ၇ခိုင်လူမျိုး ၄ ဦး၊ တန်းပျင်းကြီး၊ ဒုံးဘွေနှင့် လက်သန်းချေကျေးရွာတို့မှ ရခိုင်အမျိုးသား တစ်ဦးကျစီဖြစ်ကြောင်း သိ၇သည်။
----------------------------------
Unicode:
နိရဉ်စရာ၊ မတျ ၂/ ၂၀၂၀