မောင်တောမြို့ပေါ်တွင် စိတ်ကြွဆေးပြား ၅ သိန်းခန့်ဖမ်းမိ


သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၂/၂ဝ၂ဝ

ရခိုင်ပြည်နယ်၏ အနောက်ဘက် နယ်စပ်မြို့တော်ဖြစ်သည့် မောင်တောမြို့ပေါ်တွင် ယနေ့ ညနေ စိတ်ကြွယာဘားဆေးပြား ၅ သိန်းခန့် ဖမ်းမိသည်ဟု  သတင်းရရှိသည်။

၎င်းဆေးပြားများ ဖမ်းဆီးရမိခြင်းမှာ ဟုတ်မှန်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

“ဘယ်ကိုသယ်ဖို့လုပ်တာလဲတော့ မသိဘူး။ Hilux ကားပေါ်ကိုပစ္စည်းတွေတင်နေတာ သတင်း ရတော့ ညနေ ၄ နာရီခန့်က သွားဖမ်းတာ။ အဲတော့ ကားပေါ်မှာ ပစ္စည်းတွေ တွေ့တယ်။ နောက်ပြီးတော့ ဂိုဒေါင်ထဲ မှာလည်း ပစ္စည်းတွေ တွေ့တာပေါ့။ ဒီမှာကတော့ လောလောဆယ် မိတာကတော့ ၅ သိန်း နီးပါးပေါ့ဗျာ။ အထုတ်ကများတော့ ရေလို့မရဘူး။ အပြားအရေအတွက် ၅ သိန်းလောက် ရှိမှာပေါ့။ ရဲတပ်ဖွဲ့က စျေးနှုန်း သတ်မှတ်တာက တစ်ပြားကို ၂ဝဝဝ နှုန်းနဲ့ သတ်မှတ်တာပေါ့” ဟု ဦးစိုးအောင်က ပြောသည်။

ကားကိုရပ်ပြီး ကားပေါ်တွင်ပါလာသည့် ပစ္စည်းများအား အလုပ်သမားများက ဂိုဒေါင်ထဲသို့ သယ်ယူနေစဉ် သွားရောက်ဖမ်းဆီးခြင်း ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း မောင်တောမြို့နယ် ခရိုက်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဆက်ပြောသည်။

“ပိုင်ရှင်က မမိလိုက်ဘူးဗျ။ ပိုင်ရှင်က ထွက်ပြေးသွားတယ်။ အဲဒီကနေ ဆက်တိုက် ကားပိုင်ရှင် အိမ်ကိုလိုက်တော့ အိမ်မှာလည်း မိသားစုက မရှိတော့ဘူး။ လူကမမိလိုက်ဘူး။ ဒါကတော့ တရားခံ မဟုတ်သေးတဲ့အတွက် ပြောလို့မကောင်းဘူးလေ။ မောင်တောမြို့ပေါ်ကပါ” ဟု ၄င်းက ပြောသည်။

မူးယစ်ဆေးဝါးဖမ်းဆီးရမိခြင်းအား ကြားသိရကြောင်း၊ မောင်တောမြို့ပေါ် ဦးဥတ္တမလမ်း မြန်မာ့ခေတ်မီ စာကြည့်တိုက်အနီးတွင် ဖမ်းဆီးရမိခြင်းဟု ကြားသိရကြောင်း မောင်တောမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။

-----------------------------------

Unicode:


စစျတှေ၊ မတ် ၂/၂ဝ၂ဝ









Share: