Preview

မင်းပြားမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရပြီး နောက်ရွာတစ်ခုမှ နှစ်ဦးပျောက်ဆုံးနေ

မတ် ၀၃/ ၂၀၂၀ | ကြည့်ရှုသူ :2053
ရခိုင် သတင်း

ထွန်းခိုင် (တောင်ရင်းကျွန်း)/ ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၃ / ၂၀၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ နရမ်းရွာကြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသား တစ်ဦးတို့ကို တပ်မတော်စစ်ကြောင်းတစ်ခုက ယမန်နေ့ညဥ့်အချိန်က ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ထပ် ဖြစ်စဉ် တစ်ခုတွင် ကျေးရွာသား နှစ်ဦး ပျောက်ဆုံးနေသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများမှာ နရမ်းရွာကြီးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မြစိန် (၅၇ နှစ်)နှင့် ကိုရန်အောင်ချေ (၃၅ နှစ်)တို့ဖြစ်ကြပြီး တစ်ခြားဖြစ်စဉ် တစ်ခုတွင် ပျောက်ဆုံးနေသူ နှစ်ဦးမှာ ဖားပြိုကျေးရွာမှ ရွာသားနှစ်ဦးဖြစ်ကြသည့် ဦးသန်းရွှေ(၃ရ)နှစ်နှင့် ဦးမောင်ဝင်းရွှေ (၃၀)နှစ် တို့ ဖြစ်ကြသည်။

၄င်းကျေးရွာတွင် ယမန်နေ့က မင်္ဂလာဆောင်ပွဲရှိ၍ ည ၈ နာရီအချိန်တွင် အရက်သောက်   နေကြသော ကျေးရွာသားများကို ကျေးရွာအုပ်ချုပ်ရေးမှူးက ဟန့်တားရန်သွားစဉ် ၄င်းတို့ နှစ်ဦးသည် စစ်ကြောင်း တစ်ခုနှင့် တွေ့ရာမှ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူ မခင်ဦးကြည်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"စစ်သားတွေဖမ်းသွားတာလို့ပြောပါတယ်။ လမ်းကနေ ရိုက်ပြီးယူသွားတယ်လို့ ပြောပါတယ်။ ဖမ်းသွားတာက နရမ်းလမ်းဆုံနားက ဖမ်းသွားတာပါ။ အဲဒီမှာ ကင်းလှည့်လာတဲ့ တပ်မတော်သားတွေနဲ့ လမ်းမှာတွေ့လို့ ဖမ်းသွားတာထင်တယ်"ဟု မခင်ဦးကြည်ကပြောသည်။

အဆိုပါဖမ်းဆီးသွားမှုနှင့်ပတ်သက်၍  မိသားစုဝင်များမှာ သူတို့၏အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်းလည်း ပြောကြားသည်။

ဒေသခံတစ်ဦးက "မနေ့ညက ရာမောင်ဖက်ကနေပြီတော့ လမ်းဆုံဖက်သို့ တပ်မတော်စစ်ကြောင်း တစ်ခု တက်လာတယ်။ အဲဒီချိန်မှာ နရမ်းရွာကြီးကျေးရွာမှ  အုပ်ချုပ်ရေးမှူးနဲ့ ကိုရန်အောင်ချေ ဆိုတဲ့ လူနှစ်ဦးကို တပ်မတော်က ဖမ်းသွားပါတယ်။ အခုက ရှာလို့လည်း မရသေးဘူး။ ဘယ်နားမှာ ရှိတယ်ဆိုတာကိုလည်း မသိရသေးဘူး။ သူတို့ကိုသတ်ပစ်မှာကိုလည်း ကျေးရွာသားတွေက စိုးရိမ်နေကြတယ်"ဟု  ပြောသည်။

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ ရွာသား နှစ်ဦးဖြစ်သူ ဦးသန်းရွှေ(၃ရ)နှစ်နှင့် ဦးမောင်ဝင်းရွှေ (၃၀)နှစ်တို့သည်လည်း မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် မင်းပြားမြို့သို့ ဈေးဝယ် ထွက်သွားပြီးနောက် ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

ပျောက်ဆုံးနေသူ ဦးသန်းရွှေ၏ ဖခင်ဖြစ်သူ ဦးသန်းဖြူကြီးက “ဟွန်ဒါစက်လှေအတွက် စက်ဝယ်ဖို့ မင်းပြားကိုသွားတာပါ။ ရွာနားပတ်ဝန်ကျင်လောက်မှာ ပျောက်သွားတာ။ သူတို့မရောက်လို့ နေ့လယ် ၁ နာရီလောက်မှာ ဖုန်းခေါ်တော့ စက်ပိတ်သွားပြီ။ သူတို့က လယ်လုပ်တယ်။ မောင်ဝင်းရွှေမှာ ဈေးဆိုင်လည်းရောင်းတယ်။ သူတို့နှစ်ယောက်က ယောက်ဖတော်တယ်။ ဘယ်သူ ဖမ်းသွားလဲလည်း မသိပါဘူး။ အဲဒီအချိန် တိုက်ပွဲတွေဖြစ်တာလည်း မရှိဘူး။ ကျွန်တော်ကတော့ သူတို့ ဘယ်မှာရှိနေတယ်ဆိုတာကို သိချင်တယ်။ ပျောက်တာက တပ်နားမှာ ပျောက်တာ။ ။ ရာမောင်တံတားထိပ်မှာ စစ်သားတွေတော့ ရှိတယ်။” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုစားလှယ် ဦးလှသိန်းအောင်က ဖားပြို ကျေးရွာမှ ရွာသားနှစ်ဦး ပျောက်ဆုံးနေသည့် အပေါ် အတည် ပြုသော်လည်း  ၄င်းအနေဖြင့် နရမ်းရွာကြီး ကျေးရွာမှ  အုပ်ချုပ်ရေးမှူးနှင့် ကိုရန်အောင်ချေ  ဖမ်းဆီးခံရသည့် ဖြစ်စဉ်အား မသိရသေးကြောင်း ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို နိရဥ္စရာသတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပါ။


---------------------
Unicode:


နိရဉ်စရာ၊ မတျ ၃ / ၂၀၂၀










#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.